TNLA ဆီက သိမ်းမိတဲ့ လက်နက်များ

အောင်သိင်္ခ
2019.11.24
tnla-weapons-622.jpg တပ်မတော်က သိမ်းဆည်းရမိတဲ့ TNLA ရဲ့ လက်နက်မျိုးစုံ တစ်ရာကျော်နဲ့ ခဲယမ်းမီးကျောက် အများအပြားကို တွေ့ရစဥ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဆီကနေ တပ်မတော် သိမ်းဆည်းရမိတဲ့ စစ်လက်နက် ပစ္စည်းအမြောက်အမြားထဲမှာ တရုတ်နိုင်ငံထုတ် ပစ္စည်းတွေ ပိုများတယ်လို့ တပ်မတော်က ဒီနေ့ ပြောလိုက် ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အရေးပါတဲ့ကဏ္ဍကနေ ကူညီဆောင်ရွက်ပေးနေတယ် ဆိုပြီး နာမည်ကြီးတဲ့ အိမ်နီးချင်းနိုင်ငံပါ။ 

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ရဒေသ နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာမှာ TNLA တပ်စခန်းချခဲ့တဲ့နေရာကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေဟာ တရုတ်နိုင်ငံထုတ် လက်နက်ပစ္စည်းတွေများတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီနေ့ နေပြည်တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့က တပ်မတော် သိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ FN-6 ပခုံးထမ်းလေယာဉ်ပစ် လက်နက်ဟာ တရုတ်နိုင်ငံထုတ် လက်နက်ဖြစ်ပြီး ကျန်တဲ့လက်နက်တွေဟာလည်း တရုတ်နိုင်ငံထုတ် လက်နက်တွေဖြစ်တယ်လို့ တပ်မတော်မှန် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောခဲ့ပါတယ်။

TNLA ဘက်ကလည်း တပ်မတော် သိမ်းဆည်းရမိတဲ့ လက်နက်တွေဟာ သူတို့လက်နက်တွေဆိုတာ မှန်ကန်ကြောင်း ထုတ်ဖော်ပြောထားပါတယ်။

TNLA ရဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က တပ်မတော်က ကြေညာထားတဲ့ လက်နက် အရေအတွက်နဲ့ သူတို့ပျောက်ဆုံးသွားတဲ့ အရေအတွက် ကွာဟမှုရှိတယ်လို့ ပြောပါတယ်။

တစ်ဘက်မှာလည်း တရုတ်နိုင်ငံဟာ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေ တွေ့ဆုံဆွေးနွေးနိုင်အောင် ကူညီဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။

အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ နိုဝင်ဘာလမှာ တွေ့ဆုံနိုင်အောင် လုပ်ဆောင်နေချိန် ကာလမှာပဲ TNLA ထိန်းချုပ်ဒေသမှာ လက်နက်တွေကို တပ်မတော်က အမြောက်အမြား သိမ်းဆည်းရမိတာလည်း ဖြစ်ပါတယ်။

တပ်မတော်က သိမ်းဆည်းရမိတဲ့လက်နက်တွေဟာ တရုတ်နိုင်ငံထုတ် လက်နက်တွေဆိုတာ မှန်ကန်ပေမယ့် တရုတ်နိုင်ငံက တိုက်ရိုက်ရတာ မဖြစ်နိုင်ဘူးလို့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ လက်နက်အရေအတွက်အရ ၁၉၉၆ ခုနှစ် နောက်ပိုင်းမှာ ဒုတိယအများဆုံး ဖမ်းဆီးရမိတာဖြစ် တယ်လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် အိမ်နီးချင်းနိုင်ငံ ဖြစ်ပေမယ့် မိတ်ဆွေကောင်း မဟုတ်တာတော့ သေချာတယ်လို့ ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံဟာ သူနဲ့ နီးစပ်တဲ့ တိုင်းရင်းသားဒေသတွေက လက်နက်ကိုင်တွေကို တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား အတွက် လိုအပ်ရင် ထုတ်သုံးမှာဖြစ်တယ်လို့ သုံးသပ်ပါတယ်။ 

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တရုတ်နိုင်ငံက ကူညီဆောင်ရွက်မှုတွေရှိပေမယ့် အကန့်အသတ်တွေရှိကြောင်း PNLO နာယက ခွန်ဥက္ကာ ကပြောပါတယ်။

TNLA ရဲ့ အမာခံဒေသအထိ အခုလို လက်နက်တွေ သိမ်းဆည်းရမိတာဟာ စစ်ရေးအရအတွင်း လုံခြုံရေးပါ ထိခိုက်လာတာဖြစ်ကြောင်း ခွန်ဥက္ကာက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး ပြင်ဦးလွင် တပ်မတော်နည်းပညာ စစ်တက္ကသိုလ်ကို တိုက်ခိုက်ချိန်က အသုံးပြုခဲ့တဲ့ ၁၀၇ မမ ရှော့တိုက်ဒုံးဟာလည်း တရုတ်နိုင်ငံထုတ် လက်နက်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အစိုးရငြိမ်းချမ်းကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တွေ့ဆုံနိုင်ရေးကို တရုတ်က ကူညီပေးနေသလို တစ်ဘက်မှာလည်း တရုတ်နိုင်ငံထုတ် လက်နက်တွေ ရောင်းချမှုတွေရှိနေသလားဆိုတာ ဝေဖန်စရာဖြစ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။