နမ့်ဆန်တိုက်ပွဲမှာ TNLA လက်နက်တိုက်ကို တပ်မတော်သိမ်းဆည်း

ကံသာ
2019.11.23
aa-weapons-622 တပ်မတော်က သိမ်းဆည်းရမိတဲ့ TNLA ရဲ့ လက်နက်မျိုးစုံ တစ်ရာကျော်နဲ့ ခဲယမ်းမီးကျောက် အများအပြားကို တွေ့ရစဥ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်မှာ မနေ့က မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဝှက်ထားတဲ့ လက်နက်မျိုးစုံ တစ်ရာကျော်နဲ့ ခဲယမ်းမီးကျောက် အများအပြား သိမ်းဆည်းရမိကြောင်း တပ်မတော်က ပြောပါတယ်။

လက်နက်တွေထဲမှာ FN-6 ပခုံးထမ်း လေယာဉ်ပစ်လက်နက် တစ်လက် ပါဝင်နေပါတယ်။

ဟူးခင်ကျေးရွာအုပ်စု၊ ဟိုမိန်းကျေးရွာနဲ့တဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် TNLA အဖွဲ့က ဆုတ်ခွာသွားတယ်၊ အဲဒီနယ်မြေတဝိုက်မှာ TNLA အဖွဲ့ရဲ့ လက်နက်၊ ခဲယမ်းတွေ သိမ်းဆည်းထားတဲ့ နေရာ သုံးခုကို ရှာဖွေဖော်ထုတ်တွေ့ရှိခဲ့တယ်လို့လည်း တပ်ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

TNLA သတင်းနဲ့ပြန်ကြားရေး ဗိုလ်မှူး မိုင်းအိုက်ကျော်က - တိုက်ပွဲပြင်းထန်ခဲ့တာ မှန်ကန်ကြောင်း၊ တပ်မတော်ဘက်က ထိုးစစ် ပြင်းထန်လာတဲ့အတွက် တပ်စခန်းတစ်ခု ရွှေ့ပြောင်းလိုက်ပြီး ကျန်ခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေကို တပ်မတော်က သိမ်းဆည်းသွားခဲ့ကြောင်း  RFA ကို ပြောပါတယ်။

သေနတ်ပေါင်း ၁၀၀ ကျော်၊ လက်ပစ်ဗုံး ၉၀၀ နီးပါးနဲ့ ဆက်စပ်တဲ့ စစ်လက်နက်ပစ္စည်းတွေအပြင် TNLA ယူနီဖောင်းမျိုးစုံထည့်ထားတဲ့ အိတ်အကြီး ၇၇ အိတ် သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။

သိမ်းဆည်းရမိတဲ့ စစ်လက်နက်ပစ္စည်းတွေကို တပ်မတော် စစ်ကြောင်း သုံးခုလောက်က လာရောက် သယ်ဆောင်သွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

တပ်မတော်ဘက်က အပစ်အခတ် ရပ်စဲထားတဲ့ကာလအတွင်း ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်တဝိုက်မှာ TNLA က စခန်းတွေ တိုးချဲ့ဆောက်ခဲ့ရာမှာ စုစုပေါင်း ၇၈ ခု ရှိခဲ့ကြောင်း၊ အဲဒီထဲမှာ တပ်မတော်က ၄၁ ခုကို တိုက်ခိုက် သိမ်းယူနိုင်ခဲ့တယ်လို့ တပ်မတော်ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ လက်နက်တိုက်ကို ရှာဖွေတွေ့ရှိတာဟာ ရှားပါးဖြစ်ရပ်ဖြစ်ပါတယ်။

ဒီလောက် များပြားတဲ့ လက်နက်အရေအတွက်ကို သိမ်းဆည်းရမိတယ် ဆိုရင် ဒါဟာ  ခွန်ဆာ အဖွဲ့ လက်နက်ချခဲ့တဲ့ ၁၉၉၆ နောက်ပိုင်း တပ်မတော်က လက်နက် အစုလိုက် အပြုံလိုက် သိမ်းမိတဲ့ဖြစ်ရပ်ပဲလို့ စစ်ရေး၊ တိုင်းရင်းသားအရေးလေ့လာတဲ့ ဦးမောင်မောင်စိုးက ပြောပါတယ်။

တပ်မတော်နဲ့ လက်နက်ဆုံးရှုံးသွားတဲ့ TNLA တို့ စစ်ရေး ရင်ဆိုင်မှု ပိုမို ပြင်းထန်လာနိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

ရှမ်းပြည်နယ်မှာ ဆယ်စုနှစ်အတန်ကြာ တိုက်ပွဲဝင်ခဲ့တဲ့ ပလောင်လက်နက်ကိုင်အဖွဲ့ ၁၉၉၁ ခုနှစ်မှာ တပ်မတော်အစိုးရနဲ့ အပစ်ရပ်ပြီးနောက် အဖွဲ့အတွင်း သဘောထားကွဲကြပြီး TNLA အဖွဲ့ကို ၁၉၉၂ ခုနှစ်မှာ ထူထောင်ခဲ့တယ်လို့ မြန်မာသတင်းနိုင်ငံတကာ (BNI) က ရေးသား တည်းဖြတ်တဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပုံဖော်ခြင်း စာအုပ်မှာ ဖော်ပြထားပါတယ်။

TNLA အဖွဲ့ဟာ ရှမ်းပြည်မြောက်ပိုင်း မြို့နယ်အများအပြားမှာ လှုပ်ရှားနေပြီး ဌာနချုပ်ကို နေရာ အတည်တကျ မထားဘူးလို့ ၂၀၁၇-၂၀၁၈ အတွက် ထုတ်ဝေတဲ့ အဲဒီစာအုပ်မှာ ဖော်ပြထားပါတယ်။ အဖွဲ့မှာ လက်နက်ကိုင်စစ်သည်အင်အား ၆,ဝဝဝ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။