ဗိုလ်မှူး ကျော်စွာဝင်းကို ထောင် ၂နှစ်ချမှတ်


2014.12.05
kyaw-zwar-win-305.jpg ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ လက်မှတ်ရေးထိုးခဲ့တဲ့ ဗိုလ်မှူး ကျော်စွာဝင်း
Photo: Online Media

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ လက်မှတ်ရေးထိုးတောင်းဆိုခဲ့သူ ဗိုလ်မှူး ကျော်စွာဝင်းကို ပြင်ဦးလွင် စစ်တရားရုံးက ဒီကနေ့ ထောင်ဒဏ်၂ နှစ် ချမှတ်လိုက်ပါတယ်။

ဒီနေ့ ပြင်ဦးလွင်ကနေ မန္တလေးအိုးဘိုထောင်ရှေ့ အရောက်မှာ RFA ကမေးမြန်းစဉ်သူဟာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုးခဲ့ တာကြောင့် ပြစ်ဒဏ်ချမှတ်ခံရတာဖြစ်ကြောင်း အတည်ပြု ပြောပါတယ်။

"၄၁(င) အမိန့်မနာခံမှု၊ ၆၅ စည်းကမ်းစနစ်တကျရှိမှုကို ထိခိုက်စေခြင်းပေါ့၊ ကျနော်ကတော့ ငြင်းတာပေါ့ ၄၁(င)ကို၊ ငြင်းတာလည်း အပြစ်ရှိတယ်ဆိုပြီးတော့ ဆုံးဖြတ်တယ် ထောင် ၂ နှစ်ချလိုက်တယ်၊ ၄၃၆ မထိုးရဆိုပြီး စစ်တပ်မှာ အမိန့်ထုတ်ထားတာရှိတယ်"

သူ့ကို လွန်ခဲ့တဲ့ ဧပြီလ ၇ ရက်နေ့က စတင်ဖမ်းဆီးချုပ်နှောင်ခဲ့တာဖြစ်ပြီး ၅ လကျော်အကြာမှာ ဒီနေ့ တရားရုံးက အမိန့်ချမှတ်လိုက်တာပါ။

ချုပ်နှောင်ထားစဉ်အတွင်း မိသားစုနဲ့ တွေ့ခွင့်မပေးဘူးလို့ သိရပါတယ်။ ဗိုလ်မှူးကျော်စွာဝင်းက သူ့ကို ချုပ်နှောင်ထားစဉ်မှာ နိုင်ငံရေးအကျဉ်းသားလိုမျိုး ဘယ်သူနဲ့မှ တွေ့ခွင့်မပေးတဲ့အပြင် တိုက်ပိတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စာအုပ် စာတမ်းဖတ်ရှုခွင့်ကိုလည်း ပိတ်ပင်ထားခဲ့တယ်လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံပြင်ဆင်ရေးပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့အတွက် လက်မှတ်တွေ စုဆောင်းကောက်ယူခဲ့စဉ်က ပြင်ဦးလွင်မြို့မှာ DSTA အပတ်စဉ် ၂ ဆင်း ဗိုလ်မှူးကျော်စွာဝင်းက လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။