တပ်က ဖမ်းထားတဲ့ ကျောက်တော် ဒေသခံ ခြောက်ဦး ပြန်လွတ်လာ
2020.08.20
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာက ဒေသခံ ခြောက်ဦးကို သြဂုတ်လ ၁၉ ရက် မနေ့က တပ်မတော်က ဖမ်းဆီး စစ်ဆေးပြီး ပြန်လွှတ်လိုက်ပြီဖြစ်ပါတယ်။
ကျောင်းဆရာမ လင်မယားအပါအဝင် ကျေးရွာဒေသခံ ခြောက်ဦးကို မနေ့ မနက် ၈ နာရီလောက်က ဖမ်းဆီးခဲ့တာဖြစ်ပြီး ညနေ ၄ နာရီလောက်မှာ အားလုံးပြန်လွှတ်ပေးလိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အပေါက်ဝကျေးရွာက ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
အပေါက်ဝကျေးရွာမှာ AA နဲ့ ပတ်သက်တဲ့သူရှိနေတယ်လို့ မသကာၤတဲ့အတွက် ဖမ်းဆီးစစ်ဆေးခဲ့သူ တွေကို AA နဲ့ ပတ်သက်တဲ့သူတွေ့ရှိရင် သတင်းပေးဖို့ တပ်မတော်ဖက်ကပြောတယ်လို့ ဆိုပါတယ်။
အပေါက်ဝကျေးရွာအနီးမှာ သြဂုတ်လ ၉ ရက်နေ့က မိုင်းကွဲမှုဖြစ်ခဲ့ပြီးနောက် တပ်မတော်စစ်ကြောင်း တစ်ခုက အပေါက်ဝရဲစခန်းမှာ တပ်စွဲထားပြီး မသင်္ကာတဲ့ အပေါက်ဝ ကျေးရွာသားတွေကို ခေါ်ယူစစ် ဆေးတာတွေ ဆက်တိုက် လုပ်ဆောင်နေတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ AA အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ဇူလိုင်လအထိ ဖမ်းဆီးခံရပြီး တရားရုံးမှာ အမှုရင်ဆိုင်နေရသူ ၃ဝ၈ ဦး ရှိတယ်လို့ တရားစွဲခံရသူတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ သဇင်ဥပဒေအထောက်အကူပြုအဖွဲ့က ကောက်ယူထားတဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။