ဖမ်းဆီးသွားတဲ့ ကျောက်တော် အရပ်သား ၁၀ ဦး တပ်မတော် ပြန်လွှတ်


2020.09.24

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာမှာ မနေ့က မနက်ပိုင်းက တပ်မတော်စစ်ကြောင်း တစ်ခုရွာထဲကိုဝင်လာပြီး အရပ်သား ၁၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီနေ့မနက်မှာတော့ အဲဒီ ၁၀ ဦးကို ရပ်မိရပ်ဖတွေရဲ့အာမခံနဲ့ပြန်လွှတ်ပေးလိုက်တယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေကပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်တစ်ပင်ကျေးရွာကို စက်တင်ဘာလ ၂၃ ရက် မနေ့က မနက်ပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခု ရွာထဲကိုဝင်လာပြီး ရွာသား ၁ဝ ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။ သူတို့ကို တပ်မတော် က ဖမ်းဆီးစစ်ဆေးမေးမြန်းခဲ့ပြီး ဒီနေ့ နေ့လယ်မှာ ပြန်လွှတ်ပေးလိုက်တာလို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ဖမ်းဆီးခံခဲ့ရသူတွေဟာ အသက် ၁၆ နှစ်အရွယ်ကနေ ၄၀ ကျော်အရွယ်ရှိကြပြီး သရက်တပင်ရွာသား ကျောင်းဆရာ ဦးမောင်မောင်ဦး အပါအဝင် ကိုးဦးနဲ့ စဖိုသားကျေးရွာတစ်ဦး ပါဝင်ပါတယ်။ သူတို့ကို ရွာမှာရှိနေစဉ် တပ်က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရပ်မိရပ်ဖတစ်ဦးက RFA ကိုပြောပါတယ်။

“မနက် ၆ နာရီလောက်မှာ စစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော့ ဝင်လာတယ် ကျနော်တို့ သရက်တပင်ရွာဘက် ကိုလေ။ ဝင်လာတဲ့လမ်းမှာ တွေ့တဲ့သူတွေအကုန်လုံးကို သူတို့ကခေါ်တယ်။ လူအကုန်လုံးက ၁၉ ယောက်။ သူတို့ကို သရက်တပင် ကျန်းမာရေးဆေးပေးခန်းမှာထားတယ်။ ပြီးတော့တစ်ယောက်ချင်းစီကို စစ်တယ်။ ညနေ ၅ နာရီ လောက်မှာတော့ ကိုးယောက်ကိုပြန်လွှတ်ခဲ့တယ်။ ကျန်တဲ့ ၁၀ယောက်ကို စစ်ကြောင်းက သူတို့နဲ့အတူတူ ခေါ်သွားတာ”

အခုလို စစ်ကြောင်းဝင်လာရင် အရပ်သားတွေဖမ်းဆီးခံတာ၊ ရိုက်နှက်ခံရတွေဟာ အမြဲလိုလိုဖြစ်နေတဲ့အတွက် ဒေသခံတွေဟာ စစ်ကြောင်းဝင်လာရင်ကြောက်လန့်ပြီး ထွက်ပြေးနေရတယ်လို့လည်း သူဆိုပါတယ်။

အဲဒီ ၁၀ ယောက်ကို သရက်တပင်ကျေးရွာနဲ့ တစ်မိုင်လောက်အကွာမှာရှိတဲ့ ၃၇၆ တပ်ရင်းကို မနေ့က ခေါ်ဆောင် သွားတာဖြစ်ပြီး ဒီနေ့ နေ့လယ်ပိုင်းမှာပဲ ပြန်လွှတ်ပေးလိုက်တာပါ။

သူတို့ကိုဖမ်းဆီးထားစဉ် ရိုက်နှက်စစ်ဆေးမေးမြန်းခဲ့တာတွေရှိပြီး ပြန်လွှတ်လာသူတွေဟာလည်း ကြောက်လန့်နေ ကြတယ်လို့ သူတို့နဲ့တွေ့ဆုံခဲ့တဲ့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

“ရိုက်နှက်စစ်ဆေးခဲ့တာတော့ နည်းနည်းပါးရှိတယ်။ သူတို့ကလည်း နောက်ထပ်အငြိုးအတေးထားမှာကို စိုးရိမ်လို့ သိပ်မပြောကြဘူး။ လက်သီးတွေနဲ့ ထိုးတဲ့အနေအထားတွေ၊ ခြေထောက်တွေနဲ့ကန်လို့ လက်မှာ အရာထင်နေတာတွေ အဲဒါတွေရှိတယ်။ ကျိုးတာပဲတာ သွေးထွက်သန်ယိုဖြစ်တာတော့မရှိဘူး။

ဖမ်းဆီးခံခဲ့ရတဲ့ မူလတန်းကျောင်းဆရာ ဦးမောင်မောင်ဦးရဲ့အဖေကတော့ သားဖြစ်သူကို အပြစ်မရှိဘဲ ဖမ်းသွားတာဖြစ်တဲ့အတွက် တစ်ခုခုလုပ်ပစ်မှာကို အတော်စိုးရိမ်ခဲ့ရတယ်လို့ဆိုပါတယ်။

“သူတို့ကို ကျွန်တော်တို့ သရက်တပင်ဆီက ခေါ်သွားတာကတော့ မနက် ၇နာရီလောက်မှာပေါ့။ သူတို့တပ်ရင်း ကို ခေါ်သွားတာကတော့ ညနေ ၅ နာရီလောက်မှာခေါ်သွားတာ။ မိဘတစ်ယောက်အနေနဲ့တော့ အတိုင်းမသိ စိုးရိမ်တာပေါ့။ အပြစ်မရှိဘဲဖမ်းသွားတာဆိုတော့ သူတို့သတ်ချင်သတ်မှာပေါ့။ ရိုက်ချင်ရိုက်မှာပေါ့ အပြစ် မရှိဘဲနဲ့။ ကျနော်တို့မိဘတွေကတော့ အဲဒါကိုစိုးရိမ်တာပေါ့”

အလိုရခိုင်ပြည်နယ်အတွင်းမှာ အပြစ်မရှိတဲ့အရပ်သားတွေ ဖမ်းဆီးခံရတာ၊ ရိုက်နှက်ခံရတာ၊ စစ်ကြောရေးမှာ သေဆုံးရတာတွေအများအပြားရှိပြီး ဒီလိုနစ်မှုတွေကို သက်ဆိုင်ရာဌာနတွေကို တိုင်ကြားခဲ့ပေမယ့် အခုနောက်ပိုင်း ဘာမှာအကြောင်းမပြန်တော့ဘူးလို့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက RFA ကိုပြောပါတယ်။

“ရွာသားတွေ ကျွန်တော်တို့ဆီကို တိုင်လာတာတွေရှိတယ်။ တကယ်လည်း ကျွန်တော်တို့ လေ့လာကြည့်တဲ့ အခါမှာ ဘယ်အဖွဲ့အစည်းနဲ့မှ ဆက်စပ်မှုမရှိဘဲနဲ့ သူတို့ရဲ့မိသားစုဝတ်နေရေးအတွက် တကယ်ကို ရုန်းကန် လှုပ်ရှားနေရတဲ့သူတွေပါတယ်။ အဲဒီဖမ်းဆီးခံထားရတဲ့အထဲမှာ တော်တော်များများကတော့။ ဒီလိုနစ်နာမှုတွေ အတွက်ကတော့ ကျနော်တို့က အသေအချာ အချက်အလက်တွေစုတယ်။ သက်ဆိုင်ရာတွေကိုတော့ ပုံမှန်ပို့ တယ်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ပို့တယ်။ နိုင်ငံရဲ့အကြီးအကဲဖြစ်တဲ့ သမ္မတကိုပို့တယ်။ နိုင်ငံတော်အတိုင်ပင်ခံဆီကိုပို့တယ်။ ပို့တဲ့ဟာတချို့မှာတော့ လေးလေးစားစားနဲ့ တုံ့ပြန်ခဲ့တာရှိတယ်။ အခု နောက်ပိုင်းကျတော့ ကျနော်တို့ကို ဘယ်လိုမှအကြောင်းမပြန်တော့ဘူးဆိုတဲ့ အနေအထားမျိုးတွေ ရှိတယ်ပေါ့။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ပြည်သူတွေနစ်နာပါတယ်ဆိုတာကိုတော့ ကျွန်တော်တို့ပို့တယ်”


တပ်ဘက်က လုံခြုံရေးအရ AA ဘက်နဲ့ အဆက်သွယ်ရှိနိုင်တယ်လို့ သံသယရှိသူတွေကို မကြာခဏ ခေါ်ယူ စစ်ဆေးတာတွေရှိကြောင်း၊ ရခိုင်လူမျိုးတွေကို လူမျိုးရေးအရ အငြိုးအတေး ပစ်မှတ်ထားလုပ်ဆောင်တာမျိုး မရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို မကြာခဏ ဖြေကြားလေ့ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ကတော့ တပ်မတော်ဘက်ကို RFA က အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ အခု သတင်း ထုတ်လွှင့်နေတဲ့အချိန်ထိ ဖုန်းလက်ခံမဖြေကြားသေးပါဘူး။

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲပြင်းထန်တဲ့ ဒေသတွေက အရပ် သားတွေဟာ အခုလို သံသယနဲ့ဖမ်းဆီးခံရတာ ၂၀၀ ကျော်လောက်ရှိတယ်လို့ ရခိုင်လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။ အဲဒီအထဲမှာ ရိုက်နှက်စစ်ဆေးခံရလို့ ဒဏ်ရာတွေနဲ့ ပြန်လွတ်လာတဲ့သူတွေရှိသလို စစ်ကြောရေးမှာ သေဆုံးသွားတဲ့သူတွေလည်းရှိပါတယ်။

RFA က ရှိထားတဲ့စာရင်းတွေအရ ရခိုင်မြောက်ပိုင်းမှာ ၂၀၁၉ နှစ်ဆန်းပိုင်းကနေ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့ အထိ တစ်နှစ်ကျော်ကာလအတွင်းမှာ တပ်မတော်က ဖမ်းဆီးသွားပြီး စစ်ကြောရေးစခန်းမှာ စစ်ဆေးချိန် သေဆုံးသွားတဲ့အရပ်သား ၃၀ ဦးအထိ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။