ဖားကန့်မှာ ရွှေတူးသူ ၄ ဦးကို KIA က ဖမ်းဆီးခဲ့ကြောင်း တပ်မတော်ထုတ်ပြန်
2019.04.04

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကချင်ပြည် နယ်၊ ဖားကန့်မြို့နယ်၊ ဘန်ကောက်ကျေးရွာ ဒေသခံ ၄ ယောက်ထဲက ပြန်လည်ထွက်ပြေး လွတ်မြောက်လာသူ တစ်ယောက်ကို မြစ်ကြီးနား တပ်မတော်ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က မနေ့က သတင်းထုတ်ပြန်ပါတယ်။
ထွက်ပြေးလွတ်မြောက်လာသူကို မြစ်ကြီးနား တပ်မတော်ဆေးရုံမှာ ဆေးကုသပေးနေပြီး သူ့ဟာ ရိုက်နှက်ခံထား ရတာကြောင့် ခြေသလုံးမှာလည်း ဒဏ်ရာတွေတွေ့ရကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ထွန်းနေလင်း က RFA ကိုပြောပါတယ်။
ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ ဘန်ကောက်ကျေးရွာက ဦးဖော်လီဆာ အပါအဝင် ဒေသခံ ၄ ယောက်ဟာ ရွာအနီးမှာ မတ်လ ၁၁ ရက်နေ့က ရွှေတူးဖော်နေစဉ် KIA အဖွဲ့က တနိုင်းယန်ဒေသကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့တာလို့လည်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကျန်တဲ့ ၃ ယောက်ရဲ့ အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲလို့လည်း ဗိုလ်မှူးကြီး ထွန်းနေလင်း က ပြောပါတယ်။
KIA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးနော်ဘူကတော့ အောက်ခြေတပ်ကို မေးကြည့်ရာမှာ သူတို့ ဖမ်းဆီးခေါ်ဆောင်ထားတာမရှိကြောင်း ပြောပါတယ်။
ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းကမှ ခန့်အပ်ခံရတဲ့ ဖားကန့်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်း ကို မေးမြန်းရာမှာတော့ သူ့အနေနဲ့ အဲဒီကိစ္စကို မသိရှိသေးကြောင်းပြောပါတယ်။
KIA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်ပြုလို့ မရသေးပါဘူး။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။