မြောက်ဦး၊ ကျောက်တော်ပစ်ခတ်မှုမှာ အရပ်သား သုံးဦးသေ၊ ၃၀ ဒဏ်ရာရ
2020.03.13

ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တွေမှာ ဒီနေ့ မတ် ၁၃ ရက် မနက်က ဆေးရုံ၊ စစ်ဘေးဒုက္ခသည် စခန်းနဲ့ ကျေးရွာအချို့ပစ်ခတ်ခံရလို့ တစ်နေ့တည်းမှာ အရပ်သား သုံးယောက်သေပြီး ကလေးလေးယောက် အပါအဝင် အယောက် ၃၀ ဒဏ်ရာရခဲ့ပါတယ်။
သေဆုံးသူ သုံးယောက်က ကျောက်တော်မြို့နယ် သာစည်ကျေးရွာက ဒေသခံတွေပါ။
ဒီနေ့လယ်က တပ်မတော်စစ်ကြောင်းတစ်ခု ရွာထဲကို ဝင်ရောက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ လူ သုံးယောက်သေဆုံးပြီး ငါးယောက် ဒဏ်ရာရသွားတယ်လို့ သာစည်ရွာသားတွေက ပြောပါတယ်။
လမ်းတွေပိတ်နေတာကြောင့် ဒဏ်ရာရလူနာတွေကို ဒီညနေအထိ ဆေးရုံပို့ဆောင်ဖို့ အခက်အခဲ ဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။
“၁၁ နာရီဝန်းကျင်ကနေပြီးတော့ ရွာကိုဝင်ပြီး တပ်မတော်က ပစ်ခဲ့တယ်။ မိန်းကလေးတစ်ယောက်နဲ့ ယောကျာ်းလေးနှစ်ယောက် တခါတည်း ပွဲချင်းပြီးဆုံးသွားတယ်။ သူတို့က စပါးကျီအောက်မှာ ဝပ်နေတာကို ဖော်ထုတ်ပြီးတော့ ပစ်ခဲ့တာပါ။ ရွာအရှေ့ဘက် ကားလမ်းနဘေးမှာ မိုင်းကွဲတယ်ဆိုပြီး ရွာကိုပြေးဝင်လာပြီး ပစ်တဲ့သူကို ပစ်တာပဲ။ ဒဏ်ရာရတဲ့သူက ငါးယောက်ပါ။ မြို့ပေါ်ကနေပြီး နာရေးကို ခေါ်လို့လည်း အဆင်မပြေတော့ဘူး။ ရွာကလူတွေလည်း ထွက်ပြေးနေတော့ သွားမယ့်လာမယ့်သူမရှိ ဖြစ်နေတုန်းပဲ”
ပစ်ခတ်ခံရတဲ့ သာစည်ကျေးရွာမှာ နေအိမ် ၁၄ လုံးခန့် မီးလောင်သွားသလို တင်းမကျေးရွာမှာလည်း နေ့လယ်က နေအိမ် ၁၃ လုံး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ကျောက်တော်မြို့နယ် သရက်တပင်သိန်းတန်ရွာက အမျိုးသားတစ်ယောက်နဲ့ အသက် ၄၀ နဲ့ ၆၀ အရွယ် အမျိုးသမီးနှစ်ယောက်လည်း ဒဏ်ရာရလို့ လူမှုအဖွဲ့တွေရဲ့ အကူအညီနဲ့ စစ်တွေဆေးရုံကြီးကို ခေါ်ဆောင် လာနေပါတယ်။
ပစ်ခတ်ခံရတဲ့ သိန်းတန်ရပ်ကွက်ဟာ မြောက်ဦး-ကျောက်တော် ကားလမ်းမဘေးမှာရှိပြီး တပ်မတော် စစ်ကြောင်း ကားတန်း ရှစ်စီးက ရွာတွေဘက်ကိုလှည့်ပြီး ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရပ်ရွာလူကြီး တစ်ဦးက ပြောပါတယ်။
“တပ်မတော်ဘက်က ကား ရှစ်စီးက ရွာထဲကို ဆက်တိုက်ပစ်ပြီးလာတယ်။ သိန်းတန်ရပ်ကွက်ထဲမှာ သုံးဦး ဒဏ်ရာရတယ်။ မိန်းကလေးတစ်ဦးကတော့ တော်တော်ပြင်းတယ်။ ဦးခေါင်းကို ကျည်ထိမှန်သွားတယ်လို့ သိရတယ်။ ကားတန်းက ရွာကိုပစ်တာလေ။ မိမိအိမ်မှာနေပြီး ဒဏ်ရာတွေရတာ။ တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ မြောက်ဦးဘက်က ကျောက်တော်ကို လာတဲ့အချိန်မှာ ရွာကို ရမ်းသမ်းပြီးပစ်တာ”
မြောက်ဦးမြို့နယ် ပေါင်းတုတ်ကျေးရွာမှာလည်း ကျေးရွာထဲ ပစ်ခတ်ခံရလို့ မွတ်စလင် ကိုးယောက် ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ရွာခံမွတ်စလင်တစ်ဦးက ပြောပါတယ်။
ဒီနေ့မနက်အစောပိုင်းမှာလည်း မြောက်ဦးမြို့နယ် တိမ်ညိုရွာမှာရှိတဲ့ ဆေးရုံနဲ့ စစ်ဘေးဒုက္ခသည်စခန်းကို တပ်မတော်စစ်ကြောင်းတစ်ခုက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ အရပ်သား ၁၆ ယောက်လောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြောက်ဦးမြို့နယ် ဘူးရွက်မညှိုးနဲ့ တိမ်ညိုကျေးရွာအကြား ကားလမ်းမပေါ်မှာ တပ်မတော်စစ်ကြောင်း ကားတန်းကို AA က မိုင်းခွဲတိုက်ခိုက်ရာကနေ အဲဒီစစ်ကြောင်းက ပစ်ခတ်ခဲ့တာလို့ တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က ပြောပါတယ်။
“တပ်စစ်ကြောင်က ကားတွေနဲ့ မြောက်ဦးဘက်ကနေ စစ်တွေဘက်ကိုသွားတာ။ တိမ်ညိုနားကို မရောက်ခင် တိမ်ညိုနဲ့ တစ်မိုင်ကျော်ကျော်လောက်အကွာမှာ မိုင်းဆွဲခံရတယ်လို့ သိရတယ်။ အဲဒါနဲ့ သူတို့က တောက်လျှောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်တယ်။ တိမ်ညိုတစ်ရွာလုံးကို ပစ်တာ။ ဆေးရုံအပါအဝင် စစ်ဘေးရှောင်စခန်းရောပေါ့။ တိမ်ညိုရွာထဲက တစ်ယောက်ကတော့ လက်နက်ငယ်ကျလို့ လက်မောင်းမှာ ဒဏ်ရာရတယ်။ တိမ်ညိုဆေးရုံမှာ လူနာစောင့်နေတဲ့ တစ်ယောက်တော့ လည်ပင်းကို ဖောက်သွားတယ်။ စစ်ဘေးရှောင်က လူဆယ်ယောက် ဒဏ်ရာရတယ်။ အားလုံးပေါင်း လူဆယ့်နှစ်ယောက် ဒဏ်ရာရတယ်”
တိမ်ညိုရွာမှာ ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရသူ ၁၂ ယောက်ထဲက အသက် ၅၃ နှစ်အရွယ် ဒေါ်သန်းအေးကြည်ဟာ ဆေးရုံထဲက လူနာစောင့်တစ်ဦးပါ။ ကျည်ဟာ မှန်ပြူတင်းကနေတဆင့် ဒေါ်သန်းအေးကြည်ရဲ့လည်ပင်းကို ဖောက်ဝင်သွားတာကြောင့် အသက်အန္တရယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ဆေးရုံပစ်ခံထားရတာကြောင့် တိမ်ညိုဆေးရုံကို ယာယီပိတ်လိုက်ရပြီး ဆေးရုံဝန်ထမ်းအားလုံးကို ဒီနေ့နေ့လယ်မှာ မြောက်ဦးမြို့ကို အရေးပေါ်ပြောင်းရွှေ့လိုက်ရတယ်လို့ ဆေးရုံဝန်ထမ်းတွေက ပြောပါတယ်။
ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခက ဝေသာလီရွာအနီးမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ပြောဆိုပါတယ်။
“လွန်ခဲ့တဲ့ညက မင်းပြားဘက်ကနေ မြောက်ဦး-ကျောက်တော်ဘက်ကို ချီတက်လာတဲ့ ၁၇ စီးပါ စစ်ယာဉ် တန်းကိုတော့ မြောင်းဘွေနဲ့ မြောက်ဦးကြားမှာ ကျွန်တော်တို့ဘက်က ဖြတ်တောက်တိုက်ခိုက်ခဲ့တယ်။ အဲဒီနောက်ပိုင်း မနက်ပိုင်းရောက်တဲ့အခါကျတော့ ဘာမှတိုက်ပွဲဖြစ်တာမရှိဘဲ လမ်းတလျှောက်မှာတွေ့တဲ့ ရွာတွေ အထူးသဖြင့် မြောက်ဦးနဲ့ ကျောက်တော်ကြား တိမ်ညိုတို့ဘာတို့ရောက်တဲ့အခါ မြန်မာစစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လှမ်းပစ်ပြီး သွားခဲ့တယ်”
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး အဲဒီစစ်ကြောင်းက ဆေးရုံနဲ့ စစ်ဘေးဒုက္ခသည်စခန်းအပါအဝင် ရွာတွေကိုပစ်ခတ်တယ်ဆိုတဲ့ ပြောဆိုချက်အပေါ် သူ့အနေနဲ့ မသိသေးဘူးလို့ ပြောပါတယ်။
“ကျောက်တန်း၊ ခြုံသိုင်းပြင်တို့၊ ပြိုင်းတိုင်းတို့၊ တင်းမတို့ အဲဒီရွာတွေမှာ ရွာသူ ရွာသားတွေ မရှိဘူး။ အဲဒီမှာ AA တွေဝင်ပြီး နေနေတယ်။ ရွာကိုအကာအကွယ်လုပ်ပြီး တပ်မတော်စစ်ကြောင်းကို ပစ်ခတ်နေတာရှိတယ်။ အဲဒီမှာတော့ ကျတော်တို့ ပြန်လည်ပစ်ခတ်နေတာရှိတယ်။ ခုနပြောတဲ့ မြောက်ဦးနဲ့ ကျောက်တော်ကြားတော့ ဖြစ်စရာမရှိဘူး။ တပ်မတော်စစ်ကြောင်းပဲဖြစ်ဖြစ် ယာဉ်တန်းပဲဖြစ်ဖြစ် ရွာထဲကနေ သူတို့ကိုမပစ်ခတ်မချင်း ပစ်ခတ်စရာအကြောင်းမရှိဘူး။ ကျွန်တော်တို့ဆီမှာ တိကျတဲ့လုပ်ထုံးလုပ်နည်းတွေ လိုက်နာရမယ့် ထိတေ့ွတိုက်ခိုက်မှုစည်းမျဉ်းတွေ ဒါတွေကို အတိအကျလိုက်နာလျက်ရှိတယ်။ ပြန်ပြီးပစ်ပြီဆိုရင်တော့ ကျွန်တော်တို့က ကာကွယ်ခုခံပိုင်ခွင့်အရ အဖွဲ့အစည်းတိုင်း လူတိုင်းမှာ ကာကွယ်ခုခံပိုင်ခွင့်ရှိတယ်။ စပြီးပစ်ပြီဆိုရင် ကျွန်တော်တို့လည်း မလွဲမသွေပြန်ပြီးလက်တုံ့ပြန်ရမှာပဲ”
ဒီနေ့ မြောက်ဦး၊ ကျောက်တော်မြို့နယ်တွေမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA) ရဲ့ ပြောခွင့်ရသူ ခိုင်သုခက တိုက်ပွဲမရှိဘဲ တပ်မတော်က ရည်ရွယ်ချက်တစ်ခုခုနဲ့ ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တပ်မတော်က အကြောင်းမဲ့ ပစ်ခတ်တာတွေ မလုပ်ဘူးလို့ ဒီညနေမှာ RFA ကို ပြောပါတယ်။
ကျေးရွာတွေထဲ ပစ်ခတ်ခံရလို့ အိမ်ထဲမှာနေရင်း နောက်ထပ်ဒဏ်ရာရသူ နှစ်ယောက်ကတော့ တိမ်ညိုနဲ့ တောင်ဦးကျေးရွာတွေကပါ။
တိမ်ညိုကျေးရွာက ဒဏ်ရာရသူတွေကို မြောက်ဦးဆေးရုံကို ပို့ဆောင်ထားပြီး အဲဒီအထဲက သုံးယောက်ကိုတော့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့အကူအညီနဲ့ ဒီနေ့ ညနေပိုင်းမှာ စစ်တွေဆေးရုံကို သယ်လာ ပါတယ်။ ဒီနေ့ ပစ်ခတ်ခံရလို့ ဒဏ်ရာရသူတွေထဲမှာ အသက် ၁၅ နှစ်အောက် ကလေး လေးယောက် ပါဝင်ပါတယ်။
ရခိုင်မြောက်ပိုင်းမှာ စစ်ရေးကာလအတွင်း ပြီးခဲ့တဲ့ ၂၀၁၉ တစ်နှစ်တာမှာ အရပ်သားသေဆုံးသူ ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၃၀၀ ကျော်ရှိတယ်လို့ အရပ်ဖက်အဖွဲ့တွေကပြောဆိုပြီး ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ ကိုတော့ ဘယ်သူကမှ ဝန်ခံပြောဆိုတာ မတွေ့ရပါဘူး။
စစ်ဘေးဒုက္ခသည် အရေအတွက်ဟာလည်း ဒီလဆန်းပိုင်းအထိ တစ်သိန်းသုံးသောင်းရှိနေပြီလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC)က ထုတ်ပြန်ထားပါတယ်။