လွတ်မြောက်တပ်မတော်သား ၇ဦး လူသတ်လိုတဲ့ဆန္ဒမရှိလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော
2019.05.30

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာက မွတ်ဆလင် ၁၀ ဦးကို သတ်မှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရတဲ့ တပ်မတော်သား ၇ ဦးဟာ လူသတ်လိုတဲ့ဆန္ဒမရှိဘဲ ဒေသခံတွေက လက်စားချေဖို့ တောင်းဆိုခဲ့ မှုကြောင့် လုပ်ထုံးလုပ်နည်းလွဲမှားစွာ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။
အင်းဒင်ကျေးရွာ လူသတ်မှုမှာ ပါဝင်ခဲ့တဲ့ တပ်မတော်သား ၇ဦး လွတ်မြောက်သွားတာဟာ ဥပဒေနဲ့အညီသာ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က တုံ့ပြန်ပြောလိုက်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သားတွေဟာ အကာကွယ်ရယူပိုင်ခွင့်ရှိပြီး စစ်တရားရုံးက ပြစ်ဒဏ်ချမှတ် ခဲ့ပြီးနောက် အသနားခံစာတင်ခွင့်နဲ့ အယူခံတင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။
အင်းဒင်ကျေးရွာလူသတ်မှုနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရတဲ့ တပ်မတော်သား ၇ ဦးဟာ လူသတ်လိုတဲ့ဆန္ဒ မရှိဘဲ ဒေသခံတွေက လက်စားချေဖို့တောင်းဆိုခဲ့မှုကြောင့် လုပ်ထုံးလုပ်နည်းလွဲမှားစွာ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။
တပ်မတော်သားတွေကို လွှတ်ပေးဖို့ မိသားစုဝင်တွေနဲ့ ရဟန်းရှင်လူပြည်သူတွေက ကာကွယ်ရေးဦးစီးချုပ်ထံ အသနားခံစာတင်ပြခဲ့လို့ ပြစ်ဒဏ်ကို လျော့ချခဲ့ပြီး လွတ်မြောက်သွားတာလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။
“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးနဲ့ တပ်မတော်ကို စာရေးကြတာရှိပါတယ်။ သူတို့မိသားစုတွေ ဒုက္ခရောက် တဲ့အကြောင်းနဲ့ ရဟန်းသံဃာတွေကနေ စာရေးပြီးတော့ လွှတ်ပေးဖို့အတွက် တောင်းဆိုတဲ့သူရှိတယ်။ ဒါကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်အက်ဥပဒေနဲ့အညီ ပြစ်ဒဏ်လျော့လိုက်တဲ့အချိန်မှာ တစ်နှစ် တာကာလ အဲအထဲမှာ သူတို့နေရပါတယ်။ လျော့ရက်နဲ့ ဘာနဲ့ဆိုတော့ ၂၀၁၈ နိုဝင်ဘာလမှာ လွတ်သွား တာဖြစ်ပါတယ်။”
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က ကာကွယ်ရေးဦးစီးချုပ်ရုံးက တပ်မတော်အက်ဥပဒေပုဒ်မ (၇၁) အရ နယ်ဘက်ပြစ်မှု တစ်ရပ်ဖြစ်တဲ့ လူသတ်မှုကို ကျူးလွန်ရာမှာ ပူးပေါင်းပါဝင်ခဲ့ကြောင်း တွေ့ရတဲ့အတွက် “အရာရှိ ၄ ဦးအား ရှုတ်ချ၍ အမြဲတမ်းထုတ်ပစ်စေရန်၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ်အား နယ်ဘက် အကျဉ်းထောင်တွင် ကျခံစေရန်၊ အခြားအဆင့်စစ်သည် ၃ ဦးအား တပ်သားအဆင့်လျော့ချ၍ အမြဲတမ်းထုတ်ပစ်ရန်၊ အလုပ် ကြမ်းနှင့်ထောင်ဒဏ် ၁ဝ နှစ်အား နယ်ဘက်အကျဉ်းထောင်တွင် ကျခံစေရန်” ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ကြေညာချက်ထုတ်ပြန်ခဲ့တဲ့လနဲ့ လွတ်မြောက်ခဲ့တဲ့လဟာ ၈ လသာကြာမြင့်ပါတယ်။
ဒီလိုလွတ်မြောက်လာတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေတာပါ။
ပြစ်ဒဏ်ကို ထိထိရောက်ရောက်မပေးရင် ရာဇဝတ်မှုတွေ ပိုမိုကျူးလွန်လာနိုင်စရာရှိတယ်လို့ မြန်မာရိုဟင်ဂျာများ အသင်း ဥက္ကဋ္ဌ ဦးထွန်းခင် က ပြောပါတယ်။
“ဒါက ထိထိရောက်ရောက် ပြစ်ဒဏ်မပေးတဲ့အပြင် နောက်ထပ် ရိုဟင်ဂျာတွေကို သတ်ဖြတ်ဖို့အတွက် စစ်တပ်တွေကို အားပေးရာရောက်တယ်ဆိုတာ ပေါ်လွင်နေတယ်။ ဘာမှမဖြစ်ဘူး ဒီလိုပဲ ပြန်လွှတ်ပေးတယ် ဆိုတဲ့ အဲဒါက စစ်တပ်က ပိုပြီးရာဇဝတ်မှုကျူးလွန်မယ့်အပိုင်းမှာ ရှိပါတယ်”
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပက ကွဲပြားခြားနားတဲ့အမြင်တွေအပေါ် တစ်စုံတစ်ရာ ပြောကြားလိုတာမရှိဘူးလို့ ပြောပါတယ်။
နိုင်ငံတကာက ဖိအားတွေလျော့ပေါ့အောင် ပြစ်ဒဏ်တွေချခဲ့ပြီးနောက် ခဏတာအတွင်း ပြန်လွှတ်ပေးလိုက်တာဟာ အသတ်ခံရသူတွေအတွက် တရားမျှတတဲ့အရေးယူမှုမရှိဘူးလို့ ဆိုလာသူက နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ပါ။
“ဗမာပြည်ရဲ့ တရားမမျှတတဲ့ အခြေအနေကို ဖော်ပြလိုက်တာပါပဲ။ ၁၀ နှစ်ဆိုတာကတော့ နိုင်ငံတကာက ဖိအားတွေလျော့ကုန်အောင် စတိချလိုက်တာပါ။ ဒါပေမဲ့ အခြေအနေတစ်ခုအတွင်းမှာ လွှတ်ပေးလိုက်မယ်ဆိုတာ ကျနော်တို့က မြင်ပြီးသားပဲ။ အခုကတော့ ၁ နှစ်လောက်ကာလအတွင်းမှာ လွှတ်ပေးလိုက်တာဟာ အတော့်ကို တရားမမျှတတဲ့ကိစ္စပေါ့ဗျာ။ ဘက်လိုက်မှုရှိစွာ ဆုံးဖြတ်လိုက်တယ်။ အထူးသဖြင့် စစ်တပ်နဲ့ဆိုင်နဲ့ကိစ္စတွေမှာ ဆိုရင် စစ်တပ်က တရားစီရင်ရေးမူဘောင်တွေကျော်ပြီး အားလုံးလုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အနေအထားကို ဖော်ပြလိုက်တာပါ။”
လွတ်မြောက်သွားသူ တပ်မတော်သားတွေဟာ လက်ရှိမှာ အစိုးရတပ်မတော်မှာ တာဝန်ထမ်းဆောင်ခြင်း မရှိတော့ဘူးလို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောပါတယ်။
လူသတ်မှုမှာ ပါဝင်ခဲ့သူတွေကို ကာကွယ်ရေးဦးစီးချုပ်က အခုလို လွှတ်ပေးလိုက်တာဟာ နိုင်ငံတကာအမြင်မှာ မကောင်းနိုင်ဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး ကပြောပါတယ်။
“သူတို့က တပ်မတော်ဥပဒေအရလုပ်တယ်ဆိုတော့ သူတို့ဥပဒေသူတို့တရားရုံးနဲ့ သူတို့ဘာသာ ဆုံးဖြတ်သွား တာကတော့ ဘာမှပြောစရာမရှိဘူး။ ဒါပေမဲ့လို့ နိုင်ငံတကာအမြင်ကတော့ မကောင်းနိုင်ဘူး။ ကိုယ့်တရားရုံးမှာ ကိုယ်ဘာသာထောင်ချတယ်။ နိုင်ငံတကာအထိ အကြီးအကျယ် ဆူပူပြီးတော့ တကယ်တော့ အင်းဒင်လူသတ် မှုကြောင့်ပဲ ရိုက်တာသတင်းထောက်နှစ်ယောက် ဖမ်းခံထိတာပဲလေ။ ရိုက်တာသတင်းထောက်နှစ်ယောက် ဗမာပြည်သမိုင်းမှာ အခုလိုဖော်ထုတ်ဖမ်းဆီး အရေးယူတာလည်း ဒါပထမဆုံးပဲ။ ကိုယ့်ဘာသာထောင်ချ ကိုယ့်ဘာသာလွှတ်ပေးတယ်ဆိုတာမျိုးဖြစ်သွားမှာပေါ့။”
အင်းဒင်လူသတ်မှုမှာ ပါဝင်ခဲ့တဲ့ တပ်မတော်သားခုနှစ်ဦး လွတ်မြောက်သွားပြီဖြစ်ပေမယ့် အဲဒီအမှုနဲ့ပဲ ထောင်ဒဏ် ငါးနှစ်ကျခံထားရတဲ့ အင်းဒင်ရွာက ဒေသခံ ကျောင်းဆရာတစ်ဦး မလွတ်မြောက်သေးဘူးဆိုတဲ့ ဝေဖန်ချက်တွေ အပေါ် ဥပဒေဘောင်အတွင်းအသနားခံစာတင်တာ၊ အယူခံဝင်တာတွေ အဆင့်ဆင့်ဆောင်ရွက်နိုင်ပြီး ဥပဒေရဲ့ အကာအကွယ်ရယူနိုင်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။