တပ်မတော်နဲ့ SSPP တိုက်ပွဲကြောင့် ရွာသားငါးရာကျော်ထွက်ပြေးနေရ
2018.11.13

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နားမခေါ်ကျေးရွာနဲ့ နားလော့ကျေးရွာကြားမှာ ဒီနေ့ မြန်မာ့တပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA တပ်တွေ နာရီဝက်ကျော်လောက် တိုက်ပွဲဖြစ်ပွားခဲ့ တာကြောင့် ဒေသခံ ၅၀၀ ကျော် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
တိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့ နားလော့ရွာနဲ့ မန်နားရွာက ရွာသား ၅၀၀ ကျော်ဟာ နားအုံကျေးရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတယ်လို့စယ်ခံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက RFA ကို ပြောပါတယ်။
စယ်ခံကျေးရွာအုပ်စုမှာ ကျေးရွာ ခုနှစ်ရွာလောက် ပါဝင်တာဖြစ်ပြီး လတ်တလောမှာ ကျေးရွာနှစ်ရွာက ရွာသားတွေ ထွက်ပြေးလာနေတာလို့ဆိုပါတယ်။
SSPP ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းစုကတော့ ဌာနချုပ်ကို ပြန်တဲ့ SSPP တပ်ရင်း နှစ်ခုနဲ့ တပ်မတော်ဘက်က ကျောက်မဲအခြေစိုက် စကခ ၁ လက်အောက်ခံ ၅၀၁ တပ်တွေ တိုက်ပွဲဖြစ်တာလို့ ပြောပါတယ်။
ဒီနေ့ တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။
ဒီနေ့ တိုက်ပွဲကြောင့် ရွာသားတွေ ထပ်မံထွက်ပြေးလာနေဆဲဖြစ်ပြီး ဒေသခံတွေက အကူအညီပေးနေတယ်လို့လည်း သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။