ဖါပွန်ခရိုင်မှာ တပ်မတော်လမ်းဖေါက်မှု ရပ်ဆိုင်း
2018.05.18

ကရင်ပြည်နယ် ဖာပွန်ခရိုင်ခေးပူ-လွယ်မူပလောက KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာ တပ်မတော်က လမ်းဖောက်လုပ်နေတာကို ယာယီရပ်ဆိုင်းပေးထားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးနဲ့ ကေအဲန်ယူ အဖွဲ့က မနေ့က သတင်းထုတ်ပြန်ပါတယ်။
မေလ ၁၇ ရက်နေ့ မနေ့က ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ စောမူတူးစေးဖိုး ဦးဆောင်တဲ့ KNU ခေါင်းဆောင်တွေနဲ့ ကာကွယ်ရေးဦးစီးချုပ်ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ တွေ့ဆုံဆွေးနွေး ပြီး အခုလိုသဘောတူညီလိုက်တာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထား ပါတယ်။
ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကတည်းက ဖာပွန်ခရိုင်ဖက်က KNU တပ်မဟာ ၅ ထိန်းချုပ်ရာနယ်မြေထဲမှာ တပ်မတော် ကလမ်းဖောက်လုပ်နေတဲ့အတွက် တပ်အင်အားတိုးချဲခဲ့တာနဲ့ ပတ်သက်ပြီး နှစ်ဖက်တပ်တွေအကြား တိုက်ပွဲတွေ လည်း ဖြစ်ပွားခဲ့ပါတယ်။
ဒေသခံ နှစ်ထောင်ကျော်ဟာလည်း တောတောင်တွေထဲမှာ ထွက်ပြေးနေကြရတယ်လို့ KNU ဘက်က ထုတ်ပြန်ကြေညာချက်တွေလည်း ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
မနေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံပြီး အခုလိုသဘောတူညီချက်ရခဲ့လို့ KNU ဘက်ကလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်တွေ၊ KNU နယ်မြေထဲဖြစ်ပေါ်နေတဲ့ ထိတွေ့မှုတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာနဲ့ အဖြေရှာနိုင်ရေးကိုသာ ဆက်လက်ဦးတည်ဆွေးနွေးသွားမယ်လို့ ကေအဲန်ယူရဲ့ ကြေညာချက် မှာပါရှိပါတယ်။
နေရပ်စွန့်ခွါ ထွက်ပြေးနေကြသူတွေအနေနဲ့လည်း တပ်မတော်ဘက်က အနှောင့်အယှက်ပေးမှာမဟုတ်ဘဲ မိမိနေရပ်ပြန်လည်နေထိုင်လုပ်ကိုင်စားသောက်နေထိုင်နိုင်ရေးအတွက် သဘောတူဆွေးနွေးနိုင်ခဲ့တယ်လို့ လည်း ကေအဲန်ယူရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။