ပြည်ထောင်စုဝန်ကြီးနဲ့ ဝန်ကြီးချုပ် အရည်အချင်းသတ်မှတ်ချက် ပြင်ဆင်ရေး ဥပဒေမူကြမ်း တပ်မတော်တင်သွင်း


2019.09.17
pyidaungsu-hluttaw-sep17-622.jpg ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ၂၀၁၉၊ စက်တင်ဘာ ၁၇ ရက်နေ့က ကျင်းပစဉ်
Photo: Pyidaungsu Hluttaw

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုဝန်ကြီးနဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေရဲ့ အရည်အချင်းသတ်မှတ်ချက်ကို ပြင်ဖို့ တပ်မတော်က ဒီနေ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ကိုယ်စားလှယ် ၁၄၄ ဦး လက်မှတ်နဲ့ တင်သွင်းခဲ့တာဖြစ်ပြီး ဥပဒေမူကြမ်းကို တင်သွင်းတဲ့ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စကို ပြည်ပနိုင်ငံတွေက ဝင်ရောက်စွက်ဖက်တာတွေ မလုပ်နိုင်ဖို့ နိုင်ငံ သစ္စာဖောက်ခံရတာတွေ၊ သူလျှိုလုပ်ခံရတာတွေ မဖြစ်စေဖို့ ထည့်သွင်းဖော်ပြထားပါတယ်။

ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေဟာ နိုင်ငံခြားသား မဖြစ်ရမယ့်အပြင် သူတို့ရဲ့ ဇနီးနဲ့ သားသမီးတွေဟာ နိုင်ငံခြားသား တစ်ဦးဦးနဲ့ ဆွေမျိုးတော်စပ်တာတွေ မဖြစ်စေဖို့ဆိုတဲ့အချက်တွေကို ထပ်မံဖြည့်စွက်ဖို့ ပြင်ဆင်ချက် တင်သွင်းတာဖြစ်ပါတယ်။

တပ်မတော်က အဆိုပြုချက်ကို ပြည်ထောင်စုဝန်ကြီး အရည်အချင်းသတ်မှတ်ချက်ဖြစ်တဲ့ ပုဒ်မ ၂၃၂ (က) ရဲ့ အပိုဒ်ခွဲ ၅ အနေနဲ့ ဖြည့်စွက်ဖို့နဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေရဲ့ အရည်အချင်း သတ်မှတ်ချက်ဖြစ်တဲ့ ပုဒ်မ ၂၆၁ (က) ရဲ့ အပိုဒ်ခွဲ ၅ အနေနဲ့ ဖြည့်စွက်ဖော်ပြဖို့ တင်ပြထားတာပါ။

တပ်မတော်က တင်သွင်းတဲ့ ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က ဒီနေ့မှာ လွှတ်တော် ကိုယ်စားလှယ်တွေကို ဖြန့်ဝေအသိပေးခဲ့တာသာရှိပြီး ဘယ်နေ့မှာ ဆွေးနွေးမယ်ဆိုတာကို ပြောဆိုခဲ့တာ မရှိပါဘူး။

လက်ရှိကျင်းပနေတဲ့ ၁၃ ကြိမ်မြောက် လွှတ်တော် ပုံမှန်အစည်းအဝေးဟာ လာမယ့် စက်တင်ဘာလ ၂၀ ရက်နေ့မှာ ရပ်နားတော့မှာ ဖြစ်တာကြောင့် နောင်လာမယ့် လွှတ်တော်အစည်းအဝေးမှ ဆွေးနွေးနိုင်ခြေရှိတယ်လို့ အမတ် တချို့က သုံးသပ်နေကြပါတယ်။

အခြေခံ ဥပဒေမှာ  အသက်ကန့်သတ်ချက်ကလွဲပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အရည်အချင်းသတ်မှတ်ချက်နဲ့ ပြည့်စုံသူ၊ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအပေါ် သစ္စာရှိသူတွေကို ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေအဖြစ် ခန့်အပ်ခွင့်ရှိပါတယ်။

(RFA သတင်းထောက် မသက်စုအောင် ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။