တပ်မတော် ထောက်ခံကြောင်း ဆန္ဒပြပွဲ မန္တလေးမြို့မှာ ဒုတိယအကြိမ်ပြုလုပ်
2018.09.15

တပ်မတော်ကို ထောက်ခံကြောင်းနဲ့ ပြည်ပစွက်ဖက်တာတွေကို ဆန့်ကျင်ကြောင်း ဆန္ဒြုပပွဲကို စစ်မှုထမ်းဟောင်း အဖွဲ့က ဦးဆောင်ပြီး မန္တလေးမြို့မှာ ဒီနေ့ ဒုတိယအကြိမ်မြောက် ပြုလုပ်ခဲ့ပါတယ်။
မန္တလေးမြို့ တံခွန်တိုင်အဝိုင်းအနီးမှာ ဒီနေ့ ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ ပြည်ကြီးတံခွန်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့က လူဦးရေ တစ်ရာခန့် ပါဝင်ခဲ့ပါတယ်။
ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို လက်မခံဘူးလို့ ပြည်ကြီးတံခွန်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူး အောင်စိုး (အငြိမ်းစား)က ပြောပါတယ်။
"နိုင်ငံကို ပြည်ပအဖွဲ့အစည်းတွေက ဝင်ရောက်စွက်ဖက်တာ တွေ့ရလို့ ဒါကို လက်မခံလို့ တပ်မတော်သားဟောင်း ပြည်သူတစ်ယောက်အနေနဲ့ ဆန္ဒဖော်ထုတ်တာပါ"
ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနဲ့ ပတ်သက်လို့ တပ်မတော်ရဲ့ပုံရိပ်ကျဆင်းအောင် ရည်ရွယ်လုပ်ဆောင်တာတွေ ရှိတာကြောင့် တပ်မတော်ထောက်ခံပွဲ ပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဆန္ဒပြပွဲမှာ "ပြည်သူကိုချစ်သော ပြည်သူကချစ်သော တပ်မတော်အောင်မြင်ပါစေ"၊ မြန်မာ့တပ်မတော်ကို အပြည့်အဝထောက်ခံတယ်၊ တပ်မတော်အင်အားချိုးနှိမ်မှု မှန်သမျှလက်မခံ စတဲ့ အချက်တွေပါတဲ့ ဗီနိုင်းတွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။
အခုလို ထောက်ခံပွဲကို စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း မန္တလေးမြို့ မနောရမ္မံကွင်းမှာ ချမ်းအေးသာစံ မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့က ပြုလုပ်ခဲ့ပါတယ်။