မန္တလေးမှာ တပ်ထောက်ခံပွဲ ကျင်းပ
2017.11.19

တပ်မတော်နဲ့ နိုင်ငံ့ဝန်ထမ်းကောင်းတွေကို ထောက်ခံတဲ့ ချီတက်ပွဲကို မြန်မာ့တပ်မတော်ကို ချစ်မြတ်နိုးသူများအဖွဲ့ က ဦးဆောင်ပြီး သံဃာနဲ့ လူအင်အားတစ်ထောင်ကျော်က ဒီကနေ့ မန္တလေးမြို့မှာ ချီတက်လမ်းလျှောက်ပွဲနဲ့ ဟောပြောပွဲ ကျင်းပခဲ့ပါတယ်။
တပ်မတော်ဟာ ပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်နေတာဖြစ်တဲ့အတွက် ပြည်သူတွေက လိုလားကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်ဝိုင်းကြည် က ဟောပြောခဲ့ပါတယ်။
"တပ်မတော်ကြီးက အချိန်တိုင်းမှာ ပြည်သူနဲ့အတူရှိတယ်ဆိုတာ ထောက်ခံကြသလား၊ ဒီနိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာဟာ ပြည်သူလူထုရဲ့ လုံခြုံမှုကို တကယ်အသက်စွန့်ပြီးတော့ စော်ကားလာရင် နေရာမရွေး၊ ဒေသမရွေး၊ တောတောင်မရွေး ရေမြေကိုကတုတ်လုပ်ပြီး ကာကွယ်တာဟာ ဘယ်သူ့ဘယ်သူတုန်း၊ အဲဒီ တပ်မတော်ကို လိုလားလား၊ မလိုလားလား၊ အဲဒီတပ်မတော်ကို ထောက်ခံသင့်လား၊ မထောင်ခံသင့်လား"
ချီတက်ပွဲမှာ တပ်မတော်ထောက်ခံသူ တစ်ထောင်ကျော်နဲ့ သံဃာအပါး ၂၀၀ နီးပါး ပါဝင်ကာ မန္တလာသီရိ အားကစားကွင်းကနေ မနော်ရမ္မံပြည်သူ့ဟစ်တိုင်ကွင်းအထိ ချီတက်ခဲ့ကြတာဖြစ်ပါတယ်။
ချီတက်ပွဲတက်ရောက်လာသူအချို့က ရခိုင်အရေးနဲ့ ပတ်သက်ပြီး တပ်မတော်ကို နိုင်ငံတကာက ဖိအားတွေပေးတဲ့ အပေါ် ကန့်ကွက်ကြောင်းနဲ့ တပ်မတော်နဲ့ တသားတည်းရှိနေတယ်ဆိုတာကို ပြသလိုတဲ့အတွက် ပါဝင်ကြတာလို့ ဆိုကြပါတယ်။
တပ်မတော်အပေါ် ဖိအားပေးတဲ့အဖွဲ့အစည်းတွေကို ဆန့်ကျင်ဖို့၊ အချုပ်အခြာအာဏာနဲ့ အမျိုးဘာသာ သာသနာကို ကာကွယ်နေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကျန်းမာဖို့၊ ရခိုင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေ ကျန်းမာဖို့ ကြွေးကြော်ခဲ့ကြပါတယ်။
ဒီကနေ့ချီတက်ဟောပြောပွဲကို ဆရာတော် ဦးဝီရသူ တက်ရောက်ခဲ့ခြင်းမရှိပေမယ့် တပ်မတော်အပေါ် ထောက်ခံကြောင်း သဝဏ်လွှာတစ်စောင်ပေးပို့ခဲ့ပါတယ်။