TNLA နဲ့ တပ်မတော် တောင်ရိုးစေတီအနီး တိုက်ပွဲဖြစ်နေဆဲ
2019.09.15
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ တောင်ရိုးစေတီရဲ့အနောက်ဘက် တောင်တန်းနေရာတွေကို ဒီကနေ့ ညနေပိုင်းမှာ တပ်မတော်က ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်ခတ်ခဲ့သလို မြေပြင်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်လို့ နမ့်ဆန်ဒေသခံတွေက ပြောပါတယ်။
တပ်မတော်နဲ့ တအာန်းအဖွဲ့ TNLA တို့ဟာ တောင်ရိုးစေတီအနီးမှာ တိုက်ပွဲဖြစ်ပွားနေကြတာ ဒီနေ့နဲ့ဆိုရင် ၃ ရက်ရှိပြီဖြစ်ပါတယ်။
ဒီကနေ့ နေ့လယ် ၁ နာရီကျော် လောက်ကစပြီး လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ရာကနေ ၃ နာရီကျော်လောက် မှာတော့ လက်နက်ကြီးသံတွေ ပိုစိပ်လာတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်တွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်လိုက်လို့ ဒဏ်ရာရခဲ့တဲ့ ဦးအိုက်ထွန်း ဆိုသူကို ဆေးရုံအချိန်မီ မပို့နိုင်လို့ သေဆုံးခဲ့ရပြီး အမျိုးသမီး တစ်ဦးကတော့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဟိုချောင်း၊ ဇယန်းမိုင်မိုင်၊ တာလတ် စတဲ့ရွာတွေအနီးကို တပ်မတော်က ပစ်ခတ်နေတာဖြစ်ပြီး ၃ ရက်ကြာ တိုက်ပွဲတွေကြောင့် နမ့်ဆန်မြို့ပေါ်က ဇယန်းကြီးဘုန်းကြီးကျောင်းမှာ ၈၀၀ ကျော်၊ ဘုရားကြီးမှာ ၂၀၀ ကျော်၊ ကယားလမ်းရွာမှာ ၆၀ ကျော် စုစုပေါင်း တစ်ထောင်ကျော်ထိရှိနေပြီလို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
TNLA တအာန်းတပ်ဖွဲ့တွေဟာ တောင်ရိုးစေတီရဲ့တောင်ကုန်းတွေပေါ်မှာ တပ်စွဲလာတဲ့အတွက် နယ်မြေရှင်းလင်း တဲ့အနေနဲ့ ခုလို ပစ်ခတ်ရတာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မနေ့က RFA ကို ပြောထားပါတယ်။ ဒီနေ့ ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့တော့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
TNLA ပြောခွင့်ရသူ ဗိုလ်မှူး မိုင်းအိုက်ကျော်ကတော့ သူတို့တပ်တွေ တောင်ရိုးစေတီနားမှာ တပ်စွဲထားတယ်ဆိုတာ ကို ငြင်းဆန်ထားပါတယ်။
(RFA သတင်းထောက် ကိုကံသာနဲ့ ကိုကျော်သူတို့ ပေးပို့သည်)