အစိုးရတပ်ဖမ်းသွားတဲ့ ကျေးရွာသား ၁၃ ဦးအနက် တစ်ဦး အလောင်းပြန်ရ


2017.06.27

ရှမ်းပြည်မြောက်ပိုင်း နမ်းဆန်မြို့နယ်အတွင်း အစိုးရနဲ့ TNLA တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသရှိ မန် လန်းကျေးရွာက ကျေးရွာဥက္ကဌ အပါအဝင် ရွာသား ၁၃ဦးကို အစိုးရတပ်က အင်္ဂါနေ့ မနက်ပိုင်းမှာ ဖမ်းဆီးသွား ပြီးနောက် အဲဒီသူတွေထဲက လူတဦးရဲ့အလောင်းကို ပြန်လည်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ဖမ်းဆီးသွားချိန်က သာမန်အရပ်သား အဝတ်အစားနဲ့ ရွာသားကို အလောင်းပြန်တွေ့ချိန်မှာ TNLA တပ်သားဝတ်စုံနဲ့တွေ့ရတယ်လို့ လည်း မန်လန်းရွာသားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ရက်နဲ့၂၃ရက်နေ့တွေက နမ်ဆန်မြို့နယ်အတွင်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် အစိုးရတပ်မတော်က မန်လန်းရွာမှာ ၂၃ရက်နေ့က လာရောက်တပ်စွဲခဲ့တာဖြစ်ပါတယ်။ အစိုးရတပ်တွေ ရောက် လာပြီးနောက် ရွာသားတော်တော်များများကို ဘုန်းကြီးကျောင်းမှာ ခေါ်ထားပြီး စစ်ဆေးမေးမြန်းခဲ့ပါတယ်။ အဲဒီနောက် အစိုးရတပ်က ဇွန်လ ၂၇ရက်နေ့ ရွာကထွက်ခွာစဉ်မှာ ကျေးရွာဥက္ကဌ ဦးကျော်စိုးနဲ့ ရွာသားတွေကို ကြိုးတုပ်ပြီး ခေါ်ဆောင်သွားတာပါ။ ဦးကျော်စိုးရဲ့ သမီးက ဖခင်နဲ့အတူ သူမရဲ့မောင် ကိုသိန်းဇော်ပါခေါ်သွားတယ် လို့ RFA ကိုပြောပါတယ်။

“ ကျမအဖေရယ် ကျမမောင်လေးတယောက်ရယ် သူတို့ကို ဘုန်းကြီးကျောင်းမှာ ခေါ်ထားတာ လေးရက်ရှိပြီ၊ ဒီမနက်မှ ခေါ်သွားတာခုချိန်အထိ နမ့်ဆန်လဲမရောက် ဘယ်မှာရောက်နေလဲသတင်းလည်းမကြားရဘူး “

အင်္ဂါနေ့ညနေပိုင်းမှာ မန်လန်းရွာသား အသက် ၃၇ နှစ်ရှိ ကိုအပြော ဆိုသူရဲ့အလောင်းကို ရွာအနီးမှာ တွေ့ခဲ့ရ တယ်လို့ ကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော် အရှင် ဦးသြဘာသ က ခုလိုမိန့်ပါတယ်။

“ ရွာသားတွေကို ဘုန်းကြီးကျောင်းမှာ စုထားတယ်လေ ပြီးတော့ ညနေတခါခေါ်တယ် မနက်တခါခေါ်တယ် သူတို့ စိတ်ပေါက်တဲ့ အချိန်ခေါ်တယ်၊ သူတို့ မထင်မှတ်တဲ့ ကောင်တွေထရိုက်ကြိုးတုပ် အဲ့သလိုလုပ်တယ်။ ခုနပြောသလို ရွာထိတ်မှာသေသွားတဲ့ ကောင်က ဒီလိုအချိန်မျိုး မနေ့ညက ဖမ်းတယ် ရိုက်တယ် ပါးစပ်က လည်းသွေးထွက်တယ် ဦးဇင်းမြင်တယ်။ ဒီမနက်ကျတော့ ခေါ်သွားတယ် ရွာအထွက်မှာ သေနေတာတွေ့ တယ် ဒီညနေသွားကြည့်တော့ လေ TNLA ဝတ်စုံနဲ့ သေနေတာတွေ့တယ်”

မန်လန်းရွာဟာ လူဦးရေ တစ်ထောင်ပတ်ဝန်းကျင်ရှိပြီး ဇွန်လ ၂၂ရက်နေ့ တိုက်ပွဲဖြစ်ပွားချိန်ကစပြီး ရွာခံလူထု ၃ပုံ၂ပုံလောက် ထွက်ပြေးသွားကြပြီဖြစ်ပါတယ်။ အစိုးရတပ်ဖွဲ့ ရွာကထွက်ခွာစဉ် ရွာသားအများအပြားထံက တယ်လီဖုံးတွေကို သိမ်းဆည်းသွားတယ်လို့လည်း သိရပါတယ်။

အခု သတင်းနဲ့ပတ်သက်ပြီး မြန်မာ့အစိုးရဖက်က တုံ့ပြန်ပြောကြားချက် မရရှိသေးပါဖူး။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ဖေ့ဘုတ်စာမျက်နှာမှာတော့ မန်လန်းကျေးရွာအနီးတဝိုက်မှာ ဇွန်လ ၂၁ ရက်နေ့ကနေ ၂၆ ရက်နေ့ အထိ TNLA တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားရာမှာ နှစ်ဖက်သေကြေမှုတွေရှိကြောင်း နဲ့ နယ်မြေရှင်းလင်းရေးတွေ ဆက်လက်ဆောင်ရွက်နေကြောင်း နောက်ဆုံးသတင်းအဖြစ် ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။