ပလက်ဝကျေးရွာတွေမှာ ဒေသခံတွေ တောတောင်တွေထဲမသွားဖို့ တပ်မတော်သတိပေး
2019.04.09
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ထရွန်အိုင်၊ ဇဉ်ဘောင်းပြင်နဲ့ တုတ်ကျေးဝ စတဲ့ ကျေးရွာအုပ်စု တွေမှာ နေထိုင်ကြသူတွေကို တောတောင်တွေထဲ မသွားကြဖို့ တပ်မတော်က သတိပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပလက်ဝမြို့နယ်မှာ နေထိုင်တဲ့ အမည်မဖော်လိုတဲ့ ဒေသခံတွေဟာ တောတောင်တွေထဲမှာ မှိုနဲ့မျှစ်တွေ သွားရောက်ရှာဖွေစဉ်မှာ မိုင်းနဲ့ ဗုံးပေါက်ကွဲမှုတွေရှိတာကြောင့် တောတောင်တွေထဲကို မသွားဖို့ တပ်မတော်ဘက်က သတိပေးထားတာရှိတယ်လို့ ပြောပါတယ်။
ဧပြီလ ၈ ရက်နေ့ည ၁၁ နာရီခန့်ကလည်း ပလက်ဝမြို့နယ်အတွင်းက မြစ်လက်ဝအနီးမှာ အစိုးရတပ်မတော်နဲ့ AA တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချင်းပြည်နယ်အစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးစိုးထက် ကတော့ ပလက်ဝမြို့နယ်တဝိုက်မှာ ရခိုင့်တပ်မတော်AA ရဲ့ လှုပ်ရှားမှုတွေများတာကြောင့် အစိုးရတပ်မတော်နဲ့ တိုက်ရိုက်ထိတွေ့တဲ့အခါ ဒေသခံတွေ ထိခိုက်မှာစိုးတာကြောင့် သတိပေးတာတွေရှိပေမယ့် လုံးဝမသွားလာရဘူးဆိုတဲ့ သီးသန့်တားမြစ်ချက် ထုတ်ပြန်ထားတာ မရှိဘူးလို့ ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။