ရခိုင်ပြည်နယ် ဖြစ်ရပ်တွေ သတင်းပေးတိုင်ကြားလိုသူတွေကို တပ်မတော်ဖိတ်ခေါ်


2019.04.03
butheetaung-622.jpg ဘူးသီးတောင်မြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောဒေသတွေမှာ ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ပြီးနောက် ဆက်စပ်ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး သတင်းပေးတိုင်ကြားလိုသူတွေအနေနဲ့ အချက်အလက်နဲ့ မှတ်တမ်းတွေ ပေးပို့တိုင်ကြားနိုင်ကြောင်း တပ်မတော်က ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးက ဖိတ်ခေါ်လိုက်ပါတယ်။

သက်သေခံချက်တွေ၊ မှတ်တမ်းဓာတ်ပုံတွေ၊ အထောက်အထားတွေ၊ အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေကို တင်ပြတိုင်ကြားနိုင်ပြီး စုံစမ်းစစ်ဆေးရေးခုံရုံးက စိစစ်ဆောင်ရွက်သွားမယ်လို့ တပ်မတော်ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

တိုင်ကြားလိုသူတွေဟာ လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကို တင်ပြတိုင်ကြားရမှာဖြစ်ပြီး လိုအပ်ပါက စုံစမ်းစစ်ဆေးရေးခုံရုံးက ခေါ်ယူတွေ့ဆုံစစ်ဆေးတာတွေ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောဒေသတွေမှာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ARSA အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ဆက်စပ်ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့ဝင် ၃ ဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့မှာ တပ်မတော်က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးခုံရုံးဟာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ FFM ၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW နဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International စတဲ့အဖွဲ့တွေက စွပ်စွဲရေးသားဖော်ပြတဲ့ အစီရင်ခံစာတွေအပေါ် စစ်ဥပဒေချုပ်ရုံးရဲ့ လေ့လာသုံးသပ် အကြံပြု တင်ပြချက်တွေအရ ဒီအစီရင်ခံစာအားလုံးကို စိစစ်အတည်ပြုဖို့ ဖွဲ့စည်းခဲ့တာလို့ မတ်လ ၁၈ ရက်နေ့က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။