ရခိုင်ပြည်နယ်မှာ တပ်မတော်က နယ်မြေရှင်းလင်းရေးဆောင်ရွက်နေချိန်အတွင်း တပ်မတော်က ဖမ်းဆီးသွား ပြီးနောက် သေဆုံးသွားသူတွေ ကိစ္စကို စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး စစ်ဆေးသွားဖို့ရှိကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
တပ်မတော်က ဖမ်းဆီးသွားပြီးနောက် သေဆုံးသွားသူတွေကိစ္စ ကို စုံစမ်းဖို့အတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အဆင့် စုံစမ်းစစ်ဆေးရေးခုံရုံးကို ဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
"ရခိုင်ပြည်နယ်မှာ ကျွန်တော်တို့ လုံခြုံရေးအရ စစ်ဆေးရင်းနဲ့ သေဆုံးခဲ့ရသူတွေရှိတယ်၊ လုပ်ထုံးလုပ်နည်းအရ သေမှုသေခင်းဖွင့် တာတွေ၊ ရင်ခွဲစစ်ဆေးတာတွေလုပ်တယ်၊ ပိုမိုပွင့်လင်းမြင် သာအောင် ထပ်မံစစ်ဆေးဖို့အတွက် ဆောင်ရွက်ဖြစ်မယ်ထင် ပါတယ်၊ သတင်းထုတ်ပြန်ပေးပါမယ်၊ အခုဟာက တိုင်းအဆင့်အနေ နဲ့ စုံစမ်းစစ်ဆေးဖို့ အတွက် လက္ကာကျေးရွာတို့၊ ကျောက်တန်းကျေး ရွာတို့ဘက်က သေဆုံးခဲ့တဲ့ သူတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး ဖို့ရှိပါတယ်၊ သတင်းထုတ်ပြန်ချက်ထဲမှာလည်း ပါပါလိမ့်မယ်၊ ဘယ်လိုစုံစမ်းမယ်ဆိုတာ အတက်နိုင် ဆုံးတော့ စုံအောင်ပါနိုင်ဖို့ အတွက် လုပ်သွားဖို့ရှိပါတယ်"
RFA က သီးခြားကောက်ယူထားတဲ့ စာရင်းတွေအရ မတ်လကနေ ဇူလိုင်လအတွင်း ရခိုင်ပြည်နယ်မှာ တပ်မတော်က ဖမ်းဆီးသွားပြီးနောက် သေဆုံးသွားသူ ၁၅ ဦးအထိ ရှိပါတယ်။ အဲ့ဒီထဲမှာ ကျောက်တန်းကျေးရွာသား ၈ ဦးသေ ဆုံးခဲ့တဲ့ စာရင်းလည်းပါဝင်ပါတယ်။
ပိုမိုပွင့်လင်းမြင်သာအောင် ထပ်မံစစ်ဆေးဖို့အတွက် ဆောင်ရွက်ဖြစ်မယ်
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အဲဒီ ၁၅ ဦးစာရင်းထဲမှာ ငှက်ဖျားရောဂါနဲ့ သေဆုံးသွားသူတစ်ဦးနဲ့ ရဲတပ်ဖွဲ့ကို လွှဲပြောင်း ပြီးမှ သေဆုံးသူ ၁ ဦးပါဝင်နေသလို ကျောက်တန်းကျေးရွာ သားတွေ သေဆုံးတာဟာ တပ်မတော်ကို တိုက်ခိုက်ဖို့ ကြိုးစား တာကြောင့် မလွှဲမရှောင်သာ ပစ်ခတ်ခဲ့ရတာဖြစ်ကြောင်းနဲ့ တပ်မတော်က ဖမ်းဆီးထားချိန်မှာ သေဆုံးသွားသူ ၆ ဦးသာ ရှိကြောင်း RFA ကို ပြောပါတယ်။
ရခိုင်ပြည်နယ် နေရာ ၅ ခုမှာ တပ်မတော်က ဖမ်းဆီးခဲ့သူတွေ သေဆုံးခဲ့တဲ့ ကိစ္စတွေကို တပ်မတော် နည်းဥပဒေ ၁၇၆ အရ စုံစမ်းစစ်ဆေးရေးခုံရုံးကို ဇူလိုင်လ ၁၂ ရက်နေ့က စပြီး ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဒီနေ့ ညနေမှာ သတင်းထုတ်ပြန်ပါတယ်။
မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာ၊ မြောက်ဦးမြို့နယ် လက္ကာကျေးရွာ၊ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေး ရွာ၊ ကျောက်တော်မြို့နယ် မင်းသားတောင်ကျေးရွာနဲ့ မြောက်ဦးမြို့နယ်က ဝေသာလီဆုတောင်းပြည့် ဘုရားအနီးမှာ တပ်မတော်ကဖမ်းဆီးခဲ့တဲ့ AA အဖွဲ့နဲ့ ပတ်သက်တယ်လို့ ယူဆရသူတွေ သေဆုံးသွားတဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်းတာဟာ ကောင်းမွန်တဲ့ ဆောင်ရွက် ချက်ဖြစ်ပြီး တပ်မတော်အနေနဲ့ ဖမ်းဆီး စစ်ဆေးနေသူတွေ သေဆုံးမှုမရှိအောင် နယ်မြေခံ တပ်တွေကိုလည်း တိတိကျကျ ညွှန်ကြားဖို့ လိုကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။
"တကယ် သေချာဖွဲ့စည်းပြီးတော့ အရေးယူနိုင်မယ်၊ တကယ် ဘာကြောင့်ဖြစ်တယ်ဆိုတာ ဖော်ထုတ် နိုင်မယ် ဆိုရင်တော့ လူထုအနေနဲ့ ခံစားချက်ကို သက်သာရာ ရစေမယ်လို့ထင်ပါတယ်၊ အခုကတော့ ဖမ်းဆီးစစ်ဆေး ခံရပြီး သေဆုံးသွားတဲ့အပြင် အလောင်းကိုပါ ပြန်မပေးတဲ့ ဖြစ်ရပ်မျိုးကို ကြုံခဲ့ရတယ်၊ အဲ့လိုအနေအထားမျိုးမှာ ဒီပြဿနာ ပိုမိုကြီးမား ကျယ်ပြန့် မလာအောင် တပ်မတော်အနေနဲ့ အတော်ဂရုစိုက်ရမယ့် ကိစ္စဖြစ်တယ်၊ စုံစမ်းစစ်ဆေးရေးဖွဲ့တာတင်မကဘူး၊ တပ်ရင်း တပ်ဖွဲ့ တာဝန်ခံ အရာရှိအသီးသီးကိုလည်း သေချာညွှန်ကြားဖို့ လိုအပ်မယ်လို့ ထင်ပါတယ်"
ကျောက်တန်းကျေးရွာ ဖြစ်စဉ်ကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ကွင်းဆင်းစုံစမ်း စစ်ဆေးခဲ့ပြီး နိုင်ငံတော် အစိုးရကို တွေ့ရှိချက် အစီရင်ခံစာတစ်စောင် ပေးပို့တာတွေရှိခဲ့ပါတယ်။ ကော်မရှင်ရဲ့ အစီရင်ခံစာဟာ ဒေသခံတွေ မျှော်လင့်ထားတဲ့ အချက်တွေမပါဝင်ဘူးဆိုပြီး ဝေဖန်ပြောဆိုချက်တွေလည်း ရှိပါတယ်။
လူ့အခွင့်အရေး ကော်မရှင်က ကျောက်တန်းကျေးရွာကို သွားရောက်စစ်ဆေးချိန်မှာ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တချို့က ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်တာတွေရှိခဲ့ပါတယ်။ ထွက်ပြေးသွားတဲ့ထဲမှာ တပ်မတော်က ဖမ်းဆီးထားစဉ် သေဆုံးသူ ဦးမောင်ဇော်လင်းရဲ့ ဇနီး ဒေါ်ခင်စိုးဝင်းလည်း ပါဝင်ပါတယ်။
ဒါပေမဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ထပ်လာမယ်ဆိုရင် ဖြစ်စဉ်ကို တွေ့ဆုံရှင်းပြသွားမယ်လို့ ဒေါ်ခင်စိုးဝင်းက ပြောပါတယ်။
"သူတို့က မေးလာရင် ကျွန်မတို့က အမှန်အတိုင်းဖြေလိုက်မှာပါ၊ ကျွန်မ အမျိုးသားနဲ့ ပတ်သက်ပြီးတော့ တော်တော်လေးကို စိတ်နာတယ်၊ အဲဒါကြောင့်မို့ ကျွန်မ အမှန်အတိုင်းကို ထွက်ဆိုလိုက်ရမှာပေါ့"
နိုင်ငံရေးဆောင်းပါးတွေကို ရေးသားနေတဲ့ ဒေါက်တာအောင်မျိုးကတော့ တပ်မတော်က စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းတာကို ကြိုဆိုရမှာဖြစ်ကြောင်း ပြောပါတယ်။
"စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့တာ ကောင်းပါတယ်၊ ပြည်သူလူထုကို အမှန်အတိုင်းပြောချင်လို့လုပ်တာဖြစ်နိုင် တာပေါ့နော်၊ စစ်ဆေးရင်းပဲဆုံးတာလား၊ သူ့ဟာနဲ့သူ အစထဲက ရောဂါတစ်ခု၊ ဒဏ်ရာတခု ပါလာသလားပေါ့နော်၊ ဒါတွေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းဖြစ်သွားအောင် လုပ်တဲ့အတွက်ကြောင့် ဒါကကောင်းတာဖြစ်တဲ့အတွက် ကြိုဆိုရမှာပေါ့နော်"
စုံစမ်းစစ်ဆေးရေးအဖွဲ့ကို တပ်မတော်သားတွေအပြင် သက်ဆိုင်ရာ ဒေသက အထင်ကရ ပုဂ္ဂိုလ်တွေကိုပါ ထည့်သွင်း ဖွဲ့စည်းသင့်ကြောင်း နိုင်ငံရေးလေ့လာသူတွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောကြပါတယ်။
"အဖွဲ့ကို ဘယ်လိုပုံမျိုးရွေးချယ်မလည်းဆိုတာက အရေးကြီးတယ်လို့ ထင်ပါတယ်၊ ဒီမိုကရေစီကျင့်စဉ်အရ သွားနေတယ်ဆိုရင်တော့ ပြည်သူလူထုရဲ့ အဖွဲ့အစည်းတစ်ရပ်က ရွေးချယ်တဲ့သူ၊ ဒါမှမဟုတ် သူ့ဒေသက ရွေးချယ်တဲ့ သမာသမတ်ကျနိုင်တဲ့သူတွေကိုတော့ အဖွဲ့ထဲမှာ ထည့်သင့်တယ်၊ တပ်မတော်ကြီးပဲ သက်သက်ဆိုရင်တော့၊ ရဲကြီးပဲ သက်သက်ဆိုရင်တော့ အဖြေမှန် မရနိုင်ဘူး၊ လွတ်လပ်တဲ့ အဖွဲ့ဖြစ်ဖို့ဆိုတာ အင်မတန် စိစစ်ပြီး လုပ်ရမယ့် အလုပ်ကိစ္စတွေ"
ဒါကတော့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် တရားလွှတ်တော် ရှေ့နေလည်းဖြစ်တဲ့ ဦးအောင်သိန်း ပြောသွားတာပါ။
တပ်မတော်နဲ့ AA အဖွဲ့ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာ ကျေးရွာသားတွေ ဖမ်းဆီးခံရပြီး သေဆုံးသူ ၁၅ ဦး ရှိပြီဖြစ်ကြောင်း RFA က ဇူလိုင်လ ၁၀ ရက်နေ့မှာ သတင်းထုတ်လွှင့်အပြီး ၂ ရက်အကြာမှာ တပ်မတော်က စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်း စစ်ဆေးဖို့ ဆောင်ရွက်လာတာဖြစ်ပါတယ်။
(RFA သတင်းထောက် ကိုကျော်ထွန်းနိုင် စုစည်းတင်ပြသည်)