ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်း တပ်မတော် တင်သွင်းမည်


2019.09.16
maungmaung-brigadier-622.jpg ဗိုလ်မှူးချုပ် မောင်မောင်ကို ၂၀၁၉၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
Photo: RFA

လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းရှိတဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို မနက်ဖြန်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်သွင်းမယ်လို့ ဗိုလ်မှူးချုပ် မောင်မောင်က RFA ကို ပြောပါတယ်။

တပ်မတော်သား ကိုယ်စားလှယ် ၁၄၄ ဦး အဆိုပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြမ်းကို မနက်ဖြန် ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းမှာဖြစ်ကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်က RFA ကို အတည်ပြုပြောဆိုတာပါ။

အဲဒီ ဥပဒေကြမ်းမှာ ဘယ်အချက်တွေ ပါဝင်မလဲဆိုတာကို RFA က မေးမြန်းရာမှာတော့ မနက်ဖြန်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးပြီးမှ ပြောဆိုနိုင်မှာဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကို ပြောဖို့မရှိသေးကြောင်း ဗိုလ်မှူးချုပ် မောင်မောင်က ပြောပါတယ်။

ဒီဥပဒေကြမ်းမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ အပြင် တခြားပါတီတွေက ကိုယ်စားလှယ်တွေ ရော ပါဝင်လက်မှတ်ရေးထိုးထားခြင်း ရှိ၊ မရှိ မေးမြန်းရာမှာ အဲဒီကိစ္စကိုလည်း ပြောဆိုလို့ မရကြောင်း ဆက်ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ မနက်ဖြန် ဆွေးနွေးမယ့် အကြောင်းအရာ လျာထားချက်ကို လွှတ်တော် ဖေ့ဘွတ် အင်တာနက် စာမျက်နှာမှာ ထုတ်ပြန်ထားရာမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင် အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦး တင်သွင်းတဲ့ ဥပဒေကြမ်းကို လွှတ်တော်ကို အသိပေးခြင်းဆိုပြီး ပါဝင်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကလည်း NLD ကိုယ်စားလှယ်အများစုပါတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦးပါ ကော်မတီကို ဖွဲ့စည်းထားပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီကလည်း ဥပဒေကြမ်းသီးသန့် တင်သွင်းထားပေမယ့် ၄၅ ဦးပါ ကော်မတီမှာပါ တစ်ပေါင်းတည်းဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားတာပါ။

မကြာသေးခင်ကလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းတစ်ခုကို တင်သွင်းခဲ့ပေမယ့် အဲဒီဥပဒေကြမ်းကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ မှာပဲ ထည့်သွင်းဆွေးနွေးနွေးဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီ ၄၅ ဦးပါ ကော်မတီမှာပါတဲ့ ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားလှယ် နှစ်ဦးနဲ့ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (DUD) ပါတီက ကိုယ်စားလှယ် ဦးစိန်ဝင်း တို့ကတော့ ကော်မတီဝင်အဖြစ်ကနေ နုတ်ထွက်စာတင်ထားကြပါတယ်။

(RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။