ရခိုင် လက်နက်ကိုင်တပ်ဖွဲ့ကို မြန်မာစစ်တပ်က ဖြတ်လေးဖြတ် ပိတ်ဆို့

မြန်မာစစ်အစိုးရ တပ်ဖွဲ့တွေက ကုလားတန်မြစ် အထက်ပိုင်းဒေသတွေမှာ အခုရက်ပိုင်းအတွင်း တပ်ရင်း လေးရင်းနဲ့ ဖြတ်လေးဖြတ် စစ်ဆင်ရေး ဆင်နွှဲပြီး ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

2011.03.11
arakan_map_sittwe_buthidaung_305_z.jpg ရခိုင်ပြည်နယ်၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော တည်နေရာပြ မြေပုံ။ (RFA Illustration)
(RFA Illustration)

သူတို့ တပ်ဖွဲ့တွေကို ရိက္ခာ၊ သတင်း၊ လူသစ်စုဆောင်းတာနဲ့ လူထုနဲ့ ထိတွေ့မှု မရှိအောင် ဖြတ်လေးဖြတ် စစ်ဆင်ရေး နည်းလမ်းဟောင်းနဲ့ စစ်အစိုးရတပ်ဖွဲ့တွေက ပိတ်ဆို့တာဟာ အခုအခါ စတင် အကောင်အထည်ဖော်နေပြီ ဖြစ်တဲ့ ကုလားတန် မြစ်ကြောင်း သွားလာရေး စီမံကိန်း လုံခြုံရေး အတွက် ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ ALP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ် ။

အခုဆိုရင် သူတို့ တပ်ဖွဲ့တွေ လှုပ်ရှားရာ ကုလားတန်မြစ် အထက်ပိုင်း ပလက်ဝမြို့နယ် အတွင်းရှိ အိန္ဒိယနယ်စပ်က ကျေးရွာတွေမှာ စစ်သားတွေ ချထားတယ်လို့ အဲဒီ ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခ က ပြောပါတယ် ။

“ရန်သူက ကျွန်တော်တို့ ဒီ ALP စစ်ကြောင်းတွေ လုံးဝ လှုပ်ရှားလို့ မရအောင် သူတို့ ဖြတ်လေးဖြတ် စစ်ဆင်ရေး လုပ်နေတယ်။ သူတို့ တပ်ရင်း ၄ ရင်းနဲ့ အကြီးအကျယ် လိုက်ရှာနေတာ။ အဲဒီ ကုလားတန် အထက်ပိုင်းပေါ့၊ အဲဒီ ကဏန်းချောင်း နယ်မြေတခုလုံးမှာ ရှိတဲ့ ရွာတိုင်းရွာတိုင်းမှာ စစ်တပ်ရှိတယ် အခုက။”

“အခုဆိုလို့ရှိရင် သူတို့က ရွာသားတွေကို အပြင်သွားရင် စစ်တပ်ကို တိုင်ပြီးမှ သွားရတယ်။ သွားတဲ့ ဥစ္စာမှာလည်း အပြင်ကို သူတို့ ဒီ ရိက္ခာဆန်တို့ ဘာတို့ လုံးဝ ယူသွားလို့ မရဘူး။”

ဒီလို ဖြတ်လေးဖြတ် စစ်ဆင်ရေးကြောင့် သူတို့တပ်ဖွဲ့တွေအနေနဲ့ ကျေးရွာတွေကို ဝင်ထွက် သွားလာနိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့လည်း ဆိုပါတယ် ။

“ကျွန်တော်တို့ တပ်ဖွဲ့တွေအတွက်တော့ ရွာဝင်လို့ မရဘူးပေါ့ဗျာ။ သွားလို့ရှိရင် ပစ်ရုံပဲပေါ့။ လူထုနဲ့တော့ အဆက်အသွယ် ပြတ်တာပေါ့။ သူတို့ ဒီ ရွာထဲ ဝင်ပြီးတော့ အရင်တုန်းကလို အဲဒီ ဆေးပစ္စည်းတွေ ဝေငှတာမျိုး တခြားတခြား ကျွန်တော်တို့ဖက်က စည်းရုံးရေး စကားပြောတာတို့ ဘာတို့ အခုတော့ မရဘူးပေါ့ဗျာ။”

ကျေးရွာတွေကို ဝင်ထွက်နိုင်ဖို့ အခက်အခဲ ရှိတာက လွဲလို့ ရိက္ခာနဲ့ အဆက် အသွယ်တွေကတော့ ပြတ်တောက်မှု မရှိနိုင်ဘူးလို့ ခိုင်သုခက ပြောပါတယ် ။

၁၉၇၀ နှစ်လွန် ကာလတွေက မဆလ အစိုးရဟာ ပဲခူးရိုးမအတွင်းမှာ ရှိတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ ဗကပနဲ့ KNU တပ်ဖွဲ့တွေကို အဲဒီ ဖြတ်လေးဖြတ် စနစ်နဲ့ တိုက်ထုတ် ရှင်းလင်းနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အဲဒီနောက်ပိုင်း အစိုရဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေက နယ်စပ် တလျှောက်မှာ အခြေပြု လှုပ်ရှားလာခဲ့တဲ့ အခါမှာတော့ အဲဒီ ဖြတ်လေးဖြတ် စစ်ဆင်ရေးဟာ အောင်မြင်မှု မရှိဘူးလို့ သိရပါတယ် ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။