စစ်တပ်ကိုယ်စားလှယ်တွေ ပူးပေါင်းမှသာ ဒီမိုကရေစီ ပန်းတိုင် ရောက်မည်

လွှတ်တော်တွင်းမှာ ကိုယ်စားပြုနေတဲ့ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက မိမိတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိမှသာ အကြမ်းမဖက်လမ်းစဉ်နဲ့ ဒီမိုကရေစီပန်းတိုင်ကို ရောက်နိုင်မယ့် တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

2012.11.15
parliment-305 လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်
Photo: RFA/Win Naung Toe & Myint Oo

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ အိန္ဒိယနိုင်ငံခရီးစဉ် တတိယနေ့မှာ အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်တဲ့ အိန္ဒိယမီဒီယာ CNN-IBN နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အင်္ဂလိပ်ဘာသာနဲ့ ပြောဆိုခဲ့ရာမှာ အခုလို ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

စစ်တပ်ရဲ့တစိတ်တပိုင်းဟာ  အခြေခံဥပဒေအရ အစိုးရအဖွဲ့ထဲပါဝင်နေကြတယ်။  ဒါကြောင့် စစ်တပ်ကသာ လိုလိုချင်ချင်နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ကျမတို့ မြန်မာနိုင်ငံဟာ အကြမ်းမဖက်တဲ့နည်းနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ စစ်တပ်က အရပ်သားအစိုးရကို လွှမ်းမိုးနိုင်ဖို့ အခွင့်အာဏာ ပေးထားတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

စစ်တပ်က စစ်တန်းလျားကို ပြန်တယ် မပြန်ဘူးဆိုတာက သီးခြားကိစ္စုပါ။ ဒါပေမယ့် သေချာတာတော့ စစ်တပ်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟာ တခုတည်း အတူတူ မဟုတ်ပါဘူး..... အခြေခံဥပဒေက  အရပ်သားအစိုးအပေါ် စစ်တပ်ကလွှမ်းမိုးဖို့ အခွင့်အာဏာပေးထားတယ်။ တကယ်တော့ စစ်တပ်က အရပ်သားအစိုးရ နဲ့ လက်ရှိ အာဏာရပါတီအပေါ်မှာ လွှမ်းမိုးမှုရှိတယ်လို့ ပြောရင် မမှားပါဘူးလို့ ပြောခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယခရီးစဉ် တတိယနေ့ ဒီကနေ့ နေ့လယ် ၁၂ နာရီမှာ အိန္ဒိယ ဒုတိယသမ္မတ Mohammad Hamid Ansari (မိုဟာမတ်ဟာမစ် အန်စာရီ)၊ အောက်လွှတ်တော်ဥက္ကဋ္ဌ Meira Kumar (မီရာကူးမားရ်) နဲ့လည်း တွေ့ဆုံခဲ့ပြီး ည ၇ နာရီမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။