စစ်တပ်အင်အား ပိုမိုကြီးမားရေး အရန်တပ်ဖွဲ့ဥပဒေကိုပါ ပြဌာန်း
2011.01.13

အရန်တပ်ဖွဲ့ဥပဒေအရ အငြိမ်းစား စစ်မှုထမ်းတွေကို ခံစားခွင့်အပြည့်နဲ့ စစ်တပ်ရဲ့ အရန်တပ်ဖွဲ့မှာ ငါးနှစ် ဆက်လက် တာဝန် ပေးအပ်ထားတာပါ။ ဒါကြောင့် အရန်တပ်ဖွဲ့ဆိုတာထက် အမြဲတမ်း စစ်တပ် ပုံသဏ္ဍာန်မျိုး ပိုပြီး အင်အားကြီးမားအောင် စစ်အစိုးရက ရည်ရွယ်တာ ဖြစ်တယ်လို့ ရှေ့နေ ဦးအောင်ထူးက ဆိုပါတယ်။
“ဘာကြောင့်လဲဆိုတော့ အရန်တပ်ဖွဲ့ဝင်တွေ အကုန်လုံးက တပ်မတော်သားတိုင်း လိုက်နာရတဲ့ ၁၉၅၉ တပ်မတော် အက်ဥပဒေကို လိုက်နာရမယ်၊ နောက် အရန်တပ်ဖွဲ့ ကုန်ကျစရိတ်တွေ အကုန်လုံးကို တိုင်းပြည် ဘဏ္ဍာငွေက ကျခံရမယ်၊ နောက် လက်ရှိ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေဟာ လက်ရှိ တပ်မတော်က အငြိမ်းစားယူသည် ဖြစ်စေ၊ နုတ်ထွက်သွားသည် ဖြစ်စေ၊ အရန်တပ်ဖွဲ့မှာ ငါးနှစ် တာဝန်မထမ်းဆောင် မနေရ ထမ်းဆောင်ရမယ်။ အဲဒီ ငါးနှစ် ဟိုဖက်ကို ကျော်သွားဦးတော့၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကနေပြီးတော့ အဲဒီ ပုဂ္ဂိုလ်တွေကို တပ်ကထွက်သွားတဲ့ ပုဂ္ဂိုလ်တွေ၊ အငြိမ်းစား ယူသွားတဲ့ ပုဂ္ဂိုလ်တွေ အရန်တပ်ဖွဲ့ဝင်အဖြစ်နဲ့ ထပ်မံ ခန့်အပ်နိုင်တယ်ဆိုတဲ့ ပြဋ္ဌာန်းချက်တွေ ပါရှိတာကြောင့်မို့လို့ ဒီ အရန်တပ်ဖွဲ့ ဆိုသော်ငြားလည်းပဲ ဒီတပ်ဖွဲ့က တကဲ့ အရန်သဘောမဆောင်ပဲနဲ့ ပင်မတပ်မတော်ကြီးကိုသာ ကြီးထွားသည်ထက် ကြီးထွားအောင် လုပ်မဲ့အနေအထားကို ဖန်တီးမဲ့ ဥပဒေ ဖြစ်နေတာကို တွေ့ရတယ်။”
လွှတ်တော်ခေါ်ယူပြီး နောက်ပိုင်း လက်ရှိ စစ်ခေါင်းဆောင်တွေအနေနဲ့ အုပ်ချုပ်ရေးကဏ္ဍကနေ အပြင်ကို ရောက်သွားမဲ့ အခြေအနေအတွက် ကြိုတင်ပြီး ပြင်ဆင်တဲ့ သဘောလို့လည်း ဦးအောင်ထူးက ယူဆပါတယ်။ ဒါအပြင် စစ်တပ်အတွင်း အသက် ၆၀ ပြည့် ပင်စင် မဖြစ်မနေ ယူရမယ် ဆိုတဲ့ ဥပဒေမျိုး လွှတ်တော်ကနေ ပြဌာန်းနိုင်တဲ့ အလားအလာကို စစ်ဗိုလ်ချုပ်ကြီးတွေ ကြိုတင် အကာအကွယ်ယူတဲ့ သဘော ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခုပြဌာန်းလိုက်တဲ့ စစ်တပ်ပိုင်းဆိုင်ရာ ဥပဒေတွေဟာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၄၀ တပ်မတော်ရဲ့အခန်းကဏ္ဍ ခေါင်းစဉ်အောက်မှာ ပါတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး RFA မှ မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |