ဖမ်းဆီးမှုတွေ နေ့စဉ်ရှိနေလို့ မလေးရှားကို တရားမဝင် မလာကြဖို့ ကူညီရေးအဖွဲ့တွေ သတိပေး
2024.11.18

ထိုင်း-မလေးရှားနယ်စပ်မှာ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို နေ့စဉ်ဖမ်းဆီးနေပြီး ထောင်ဒဏ်ချမှတ်တာတွေ ရှိနေတာကြောင့် တရားမဝင်လမ်းကြောင်းကနေ မလာကြဖို့ မလေးရှားရောက် ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ Myanmar Labour Affairs and Refugee Organization က RFA ကို နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပြောပါတယ်။
မလေးရှားနယ်စပ်မှာ ဖမ်းမိတဲ့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို မလေးရှား နယ်စပ်မြို့ တရားရုံးတွေမှာ ထောင်ဒဏ် ရှစ်လက တစ်နှစ်အထိ ချမှတ်နေပြီး ကြိမ်ဒဏ်ပေးတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မလေးရှားနိုင်ငံကို မြန်မာနိုင်ငံသားတွေအနေနဲ့ တရားမဝင် မလာရောက်ကြဖို့ သတိပေးလိုတယ်လို့ Myanmar Labour Affairs and Refugee Organization ဥက္ကဋ္ဌ ကိုမင်းထိုက်က RFA ကိုပြောပါတယ်။
"လက်ရှိ ထိုင်း- မလေးရှားနယ်စပ်မှာ နေ့တိုင်း ဖမ်းဆီးနေပါတယ်။ တစ်ခါတလေ ကြိမ်ဒဏ်တွေပါ ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံသားတွေကို ဒီမလေးရှားကို အောက်လမ်းနဲ့ မလာကြဖို့ အထူးသတိပေးလိုပါတယ်"
နိုဝင်ဘာလ ၁၂ ရက်နေ့က ထိုင်း-မလေးရှားနယ်စပ် ဟတ်ရိုင်မြို့မှာ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၄ ဦးကို ထိုင်းအစိုးရအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကလည်း မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ စီနိုင်းမြို့မှာ မြန်မာအလုပ်သမား ၄၃ ဦးကို မလေးရှား အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ဖမ်းဆီးခံရသူတွေကို ကူညီနေတဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
အာဏာသိမ်းပြီးနောက် မလေးရှားမှာ မြန်မာနိုင်ငံသားတွေ တရားမဝင် ရွှေ့ပြောင်းနေထိုင်တာ များလာပြီး မလေးရှားနိုင်ငံက UNHCR ရုံးရဲ့ ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လကုန်အထိ စာရင်းတွေအရ မလေးရှားနိုင်ငံကတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူ ၁၉၀,၀၀၀ ကျော် ရှိတဲ့အထဲမှာ ၁၇၀,၀၀၀ ခန့်က မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။