မြစ်ကြီးနားမြို့က လူငယ် ၁၁ ဦး ဖမ်းဆီးခံရ
2023.08.31

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အရှေ့အလယ်ကုန်းရပ်ကွက်က နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်က ဩဂုတ်လ ၂၈ ရက်နေ့ ညပိုင်းမှာ ဝင်ရောက်စီးနင်းပြီး အမျိုးသမီး ငါးဦး အပါအဝင် လူငယ် ၁၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ် (PDF)နဲ့ ဆက်စပ်တယ်ဆိုတဲ့သံသယနဲ့ စစ်ကောင်စီတပ်က အိမ်စီးကား သုံးစီး၊ အင်းအား သုံးဆယ်လောက်နဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဒီလူငယ်တွေကို မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ စစ်ဆေး မေးမြန်းမှုတွေလုပ်နေပြီး ဩဂုတ်လ ၃၁ ရက်နေ့အထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူလို့ ဒေသခံတွေ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ အသက် ၂၀ ကျော်အရွယ်တွေ ဖြစ်ပြီး PDF နဲ့ ဆက်စပ်သူတွေ မဟုတ်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြစ်ကြီးနားမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"ည ၈ နာရီလောက်ကတော့ Happy Birthaday ဆိုပြီး အော်တဲ့အသံကြားတယ်။ မွေးနေ့ဆိုတော့ သူငယ်ချင်းတွေ အကုန်စုပြီး စားကြသောက်ကြတာထင်တယ်။ ဖမ်းခံရတဲ့အထဲမှာ ဝန်ထမ်းတွေလည်း ပါတယ်။ ဖုန်းဆိုင်တွေမှာအလုပ်လုပ်နေတဲ့ ကလေးတွေလည်း ပါတယ်။ ဘယ်သူက တိုင်လဲတော့ မသိဘူး။ ရပ်ကွက်ထဲကို ကားသုံးစီးနဲ့ ဝင်ပြီးတော့ ဖမ်းသွားတာ”
ဩဂုတ်လ ၂၆ ရက်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးမှာ ဗုံးငါးလုံး ပေါက်ကွဲခဲ့ပြီးနောက် အဲဒီကိစ္စနဲ့ဆက်စပ်ပြီး အခုလို ဖမ်းဆီးခဲ့တာလည်း ဖြစ်နိုင်တယ်လို့ သူကဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေး ဝန်ကြီး ဦးဝင်းရဲထွန်း RFA က ဆက်သွယ်မေးမြန်းတဲ့အခါ လုံခြုံရေးဆိုင်ရာကိစ္စတွေကို သူ့အနေနဲ့ မသိနိုင်ဘူးလို့ ပြန်လည်ဖြေဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၃၀ ရက်နေ့ထိ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းက ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူ နှစ်သောင်းနီးပါး (၁၉,၉၇၀ ဦး) ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။