၈၈ မျိုးဆက် ကရင်ကျောင်းသားအစည်းအရုံး ဥက္ကဌကို ဖမ်းဆီးထိန်းသိမ်း
2015.08.12
ကရင်ပြည်နယ် ဘားအံမြို့က ၈၈ မျိုးဆက်ကရင်ကျောင်းသားအစည်းအရုံး ဥက္ကဌ ဦးစောမောင်ကြီးကို DKBA ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်နဲ့ ဆက်နွယ် တယ်ဆိုပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)နဲ့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ သူ့ကို သြဂုတ်လ ၇ ရက် ညပိုင်းနေအိမ်ကနေ ဖမ်းဆီးသွားတာလို့ ဦးစောမောင်ကြီးရဲ့ဇနီး ဒေါ်နန်းမြရီက ပြောပါတယ်။
"ပထမတော့ လက်နက်ရှာဖွေတာပေါ့၊ DKBA က ဗိုလ်မှူးစန်းအောင်တပည့် ကောင်လေးတစ်ယောက်ကို သူတို့ဖမ်းမိ တယ်လေ၊ ကောင်လေးကပြောတယ်၊ ဦးစောမောင်ကြီးနဲ့ ၂ နှစ်လောက်နေဘူးတာပေါ့၊ ကောင်လေးကိုလည်း ကျမ တို့မသိပါဘူး၊ သေနတ်တွေပါလာတာပေါ့၊ ဦးစောမောင်ကြီးကို ပေးထားတာပေါ့၊ ရှာကြတာပေါ့၊ ဦးစောမောင်ကြီး ကလည်းပြောတယ်၊ ကျနော်မှာ ဘာလက်နက်မှမရှိဘူး၊ ရုံးတာဝန်ခံတွေလည်း အကုန်လုံးခေါ်သွားတယ်၊ ရုံးက လူတွေကျတော့ ဧည့်စာရင်းမှုနဲ့ စွဲထားတယ်၊ ဦးစောမောင်ကြီးကိုကျတော့ ၁၇ (၁)နဲ့ စွဲထားတယ်"
ဦးစောမောင်ကြီးနဲ့အတူ အဖွဲ့ဝင် ၈ ဦးကိုလည်း ဖမ်းဆီးပြီး သူတို့ ၈ဦးကို ဧည့်စာရင်း မတိုင်တဲ့အတွက် ဒဏ်ငွေ ၅ထောင် ပေးဆောင်စေပြီး ပြန်လွှတ်လိုက်တယ် လို့ သိရပါတယ်။ ၈၈ မျိုးဆက် ကရင်ကျောင်းသားအစည်းအရုံးက ဘားအံမြို့မှာ ရုံးခန်း ဖွင့်လှစ်ပြီး လယ်ယာမြေသိမ်းဆည်းခံရတဲ့ ပြဿနာတွေကို ကူညီဆောင် ရွက်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ ဦးစောမောင်ကြီးဟာ အရင်က ကရင်အမျိုးသား အစည်းအရုံးမှာ ပါဝင်ခဲ့သူဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်မှာ အလင်းဝင် ခဲ့သူဖြစ်တယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။
ဦးစောမောင်ကြီးကို ဘားအံမြို့မရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး လာမယ့် သြဂုတ် ၁၇ ရက်နေ့မှာ ဘားအံမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။