မြင်းခြံမြို့နယ် မကျီးသမျှားရွာအနီး လူငယ်ငါးဦး ဖမ်းဆီးသတ်ဖြတ်ခံရ
2024.01.28

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မကျီးသမျှားရွာအနီးမှာ လက်ပြန်ကြိုးတုပ် သေနတ်နဲ့ပစ်သတ်ခံထားရတဲ့ လူငယ် ငါးဦးရဲ့ ရုပ်အလောင်းတွေကို ဇန်နဝါရီလ ၂၇ ရက် မနက်မှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ မြင်းခြံမြို့ အမှတ် (၂) ရပ်ကွက်က အသက် ၂၂ နှစ်အရွယ် မောင်မွှားတားနဲ့ တောင်သာမြို့နယ် အုတ်တိုက်တောရွာက အသက် ၁၉ နှစ်အရွယ် မောင်တင်မျိုးခိုင်၊ မောင်ခန့်ချော၊ မောင်မြတ်သူနဲ့ အသက် ၂၅ နှစ်အရွယ် မောင်ခိုင်ဝေဖြိုးတို့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သူတို့ငါးဦးကို မြင်းခြံမြို့နဲ့ တစ်မိုင်လောက်ဝေးတဲ့ မကျီးသမျှားရွာအနီးမှာ စစ်ကောင်စီတပ်က ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မြင်းခြံမြို့ရဲ့ အရှေ့တောင်ထောင့်က ကျေးရွာလေးပေါ့ဗျာ။ မကျီးသမျှားဆိုတဲ့ ရွာလေးရဲ့ စာသင်ကျောင်းနားမှာ သူတို့က ကလေးတွေကို ကားပေါ်ကဆွဲချပြီးတော့ မျက်နှာတွေစည်း၊ လက်ပြန်ကြိုးတွေတုပ်ပြီးတော့ ခေါင်းတွေချည်း သေနတ်နဲ့ပစ်သတ်ခဲ့တာ"
ဒီလူငယ်ငါးဦးဟာ ဘာကြောင့် မကျီးသမျှားရွာအနီးကို ရောက်ရှိနေလဲဆိုတာကိုတော့ တိတိကျကျမသိရဘူးလို့ သူက ပြောပါတယ်။
ရုပ်အလောင်းတွေကို သက်ဆိုင်ရာမိဘတွေက မြင်းခြံမြို့ ရေခဲတိုက်ကထုတ်ပြီး ဇန်နဝါရီ ၂၈ ရက် နေ့လယ်မှာ မီးသင်္ဂြိုဟ်လိုက်ပြီလို့ သူကပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ ဦးသိန်းဌေးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်နီးပါးအတွင်း နိုင်ငံတစ်ဝန်းက အရပ်သား ၄,၄၄၄ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၂၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။