နတ်မောက်မှာ ဒေသခံတစ်ဦး သေဆုံးပြီး နှစ်ရာနီးပါး ဖမ်းဆီးစစ်ဆေးခံနေရ

2022.10.24
နတ်မောက်မှာ ဒေသခံတစ်ဦး သေဆုံးပြီး နှစ်ရာနီးပါး ဖမ်းဆီးစစ်ဆေးခံနေရ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာ မီးရှို့ဖျက်ဆီးခံရသည်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲက ရွာတွေကို အောက်တိုဘာလ ၁၇ နေ့ကစလို့ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ခဲ့ပြီးနောက် ဒေသခံတစ်ဦး သေဆုံးကာ နှစ်ရာခန့် ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ ဒေသခံတွေက RFA ကို ဒီကနေ့ ပြောပါတယ်။

အင်အား ၈၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းဟာ အောက်တိုဘာလ ၁၇ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ဖက်တောရေရွာဘက်မှာ PDF တွေရှိတယ်ဆိုတဲ့ သံသယနဲ့ ဝင်ရောက်ခဲ့ပြီး ရွာသား ၁၃၀ ခန့်ကို ဖမ်းဆီးစစ်ဆေးခဲ့သလို ရွာကို သုံးရက်ဆက်တိုက် မီးရှို့ခဲ့တာကြောင့် နေအိမ်ကိုးလုံးခန့် ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အဲဒီရွာတွေအနီးမှာ တိုက်ပွဲဖြစ်ပြီးနောက် အခုလို ရွာတွေကို ဝင်ရောက်စီးနင်းကာ ဖမ်းဆီးတာ မီးရှို့တာတွေ လုပ်ဆောင်နေတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ရွာတစ်ရွာလုံးက လူပေါင်း ၁၃၀ လောက်ကို ဖမ်းထားတယ်။ လူငယ်တွေရော၊ လူကြီးပိုင်းတွေရောပေါ့။ တစ်ရွာလုံးကို နှိပ်စက်တယ်။ သွေးတွေဘာတွေ အန်ထွက်တာ တွေတောင် ဖြစ်တယ်။ သူတို့ လက်နက်တွေမရလို့ ဖက်တောရေကို သုံးရက်ဆက်တိုက် မီးရှို့တယ်။ အသက်ကြီးပိုင်း ၅၀ ဝန်းကျင် ဦးလေးကြီးတစ်ယောက်ကိုလည်း သူတို့ နှိပ်စက်ရင်း ဒဏ်မခံနိုင်လို့ပေါ့နော်၊ သေဆုံးသွားတာမျိုးလည်း ရှိတယ်"

ဖက်တောရေရွာသား အသက် ၅၀ ဝန်းကျင်အရွယ် ဦးကျော်ငွေကတော့ သေဆုံးခဲ့ပြီး အဖမ်းခံထားရသူ ၁၃၀ ခန့်ကိုလည်း ဒီနေ့အချိန်အထိ ပြန်လွှတ်မပေးသေးဘူးလို့ ဒေသခံက ဆိုပါတယ်။

အဖမ်းခံရသူတွေထဲမှာ လူငယ်ပိုင်းတွေများပြီး ရိုက်နှက်တာနဲ့ ထိုးကြိတ်တာမျိုးတွေပါ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ လက်ရှိ ဖက်တောရေရွာမှာ တပ်စွဲထားသလို အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ပိုင်းကလည်း အဲဒီရွာအနီးက သပွတ်ပင်ရွာကို ထပ်မံဝင်ရောက်ပြီး ဒေသခံရွာသား ၈၀ နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"သပွတ်ပင်ရွာက မိန်းမသားတွေရော၊ ယောင်္ကျားသားတွေရော မနက် ၆ နာရီကနေ ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ ဘုန်းကြီးကျောင်းထဲမှာ ဖမ်းပြီးတော့ ရိုက်တာတွေ ဘာတွေလုပ်တယ်။ မိန်းမသားတွေကအစ အဘိုးကြီးအရွယ်တွေပါ ရိုက်တာတွေ ရှိတယ်။ သူတို့ ပြန်တဲ့အချိန်မှ ပြန်လွတ်ပေးလိုက်တယ်"

သပွတ်ပင်ရွာက အသက် ၅၀ နှစ်အောက်အရွယ်တွေကို အများဆုံးဖမ်းခေါ်ပြီး နေ့လယ် တစ်နာရီခန့် ရွာက ပြန်ထွက်သွားချိန်မှာမှ ဖမ်းဆီးထားတဲ့သူတွေကို ပြန်လွှတ် ပေးလိုက်တယ်လို့ ပြောပါတယ်။

ရွာတွေမှာရှိတဲ့ လူငယ်အများစုကတော့ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာရင် ဖမ်းဆီးရိုက်နှက်မှုတွေရှိတာကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ချိန်မှာ စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်နှစ်လက်ပါသွားလို့ အခုလို ရွာတွေကို ဝင်ရောက်စီးနင်း ဖမ်းဆီးနေတာဖြစ်ပြီး လက်နက်တွေပြန်မရခဲ့ရင် တစ်ရွာလုံး မီးရှို့မယ်လို့ ခြိမ်းခြောက်ပြောဆိုမှုတွေပါ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူကို ဆက်သွယ်ခဲ့ပေမယ့် ညနေပိုင်းအထိ ဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။

အဲဒီ ရွာတွေကိုဝင်နေတဲ့ စစ်ကြောင်းဟာ နတ်မောက်မြို့အနီး ရွာမွန်ဂိတ်၊ ရမည်းသင်းနဲ့ နတ်မောက်ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တပ် စတဲ့နေရာက စစ်ကောင်စီ တပ်သားတွေဖြစ်တယ်လို့ ဒေသခံတွေပြောဆိုကြပေမယ့် အတည်ပြုလို့ မရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။