မောရဝတီရေတပ်စခန်းမှာ အဖမ်းခံထားရတဲ့ ဒေသခံခြောက်ဦး အဆက်အသွယ်ပြတ်နေ

RFA Burmese
2023.12.22
မောရဝတီရေတပ်စခန်းမှာ အဖမ်းခံထားရတဲ့ ဒေသခံခြောက်ဦး အဆက်အသွယ်ပြတ်နေ စစ်ကောင်စီက ဖမ်းဆီးထားသည့် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှ ဒေါ်မော်မော်ရှိန်၊ ဒေါ်နော်နော်ရှိန်နှင့် ဒေါ်သဲစုမိုး (ဝဲမှယာ) တို့အား တွေ့ရစဉ်။
Citizen Journalist

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ဒီဇင်ဘာ ၁၈ နဲ့ ၂၁ ရက်နေ့တွေက အမျိုးသမီး ငါးဦးနဲ့ အမျိုးသား တစ်ဦး၊ စုစုပေါင်း ဒေသခံခြောက်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်တွေကနေ ဝင်ရောက်ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ် ပြတ်တောက် နေတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

မဂ္ဂင်ရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်သဲစုမိုး၊ လှည်းကုန်း အမှတ်(၁) ရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်သန်းသန်းစိုးနဲ့ မိကျောင်းအိုင်ရပ်ကွက် ဦးသားကြီးနဲ့ သူ့ရဲ့ ဇနီး ဒေါ်တင်ဝေတို့ ဒီဇင်ဘာလ ၁၈ ရက်နေ့ညက ဖမ်းဆီးခံရတာဖြစ်ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့က ဖမ်းဆီးခံရသူတွေကတော့ လှည်းကုန်း အမှတ်(၂) ရပ်ကွက်က ဒေါ်မော်မော်ရှိန်နဲ့ သူ့ရဲ့ အစ်မဖြစ်သူ ဒေါ်နော်နော်ရှိန်တို့ ဖြစ်ပါတယ်။

အဲဒီဒေသခံ ခြောက်ဦးကို အုန်းပင်ကွင်းကျေးရွာအုပ်စုမှာ အခြေစိုက်ထားတဲ့ မောရဝတီရေတပ် စခန်းဌာနချုပ်ထဲကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေတာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ရေတပ်စခန်းထဲမှာ ဖမ်းထားတာ။ သူတို့ဖုန်းတွေပါ သိမ်းသွားတာ။ ဖမ်းခံရတဲ့ထဲမှာ လင်မယား နှစ်ယောက်ကဆို အသုဘအိမ်မှာ စကားအမှားပါသွားလို့ ဒလန်တိုင်လိုက်လို့ ဖမ်းခံရတယ် ထင်တယ်။ လူကြားထဲမှာ ပြောမိတယ်ဆိုရင် သိတဲ့အတိုင်းပဲ"

ဖမ်းဆီးခံရသူတွေဟာ စျေးရောင်း၊ စျေးဝယ်၊ ဆိုင်ခန်းဖွင့်လှစ်ထားသူနဲ့ ကားမောင်းသူတွေ ဖြစ်ပြီး ဖမ်းဆီးခံရတဲ့အကြောင်းအရင်းကို မသိကြရသေးဘူးလို့ သူတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က မောရဝတီ ရေတပ်စခန်းဌာနချုပ်မှာရှိတဲ့ အရာရှိအိမ်ရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီးနောက်ပိုင်း အရပ်သားတွေကို ဖမ်းဆီးတာတွေ များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း လှည်းကုန်း (၂) ရပ်ကွက်မှာ ဆိုင်ကယ်ပြင်ဆိုင် ဖွင့်ထားတဲ့ ကိုပိုင်ပိုင် ဆိုသူကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားပြီးနောက် ဒီနေ့အထိ ပြန်လွတ်လာတာမရှိသေးဘူးလို့လည်း ဆိုပါတယ်။

အခုလို ဒေသခံတွေ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။