ရွာငံမှာ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံခြောက်ဦး ဖမ်းဆီးခံရ

RFA Burmese
2024.05.20
ရွာငံမှာ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံခြောက်ဦး ဖမ်းဆီးခံရ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့အဝင်တစ်နေရာကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က တွေ့ရစဥ်။
Facebook/ ရွာငံစည်ပင်

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် သိမ်ကုန်းရွာမှာ မေလ ၁၆ ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံခြောက်ဦး ဖမ်းဆီးခံရပြီး မေလ ၂၀ ရက် ဒီနေ့အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်ဆီးခံရသူတွေဟာ သိမ်ကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ထွဋ်၊ အသက် ၄၀ အရွယ် ဒေါ်မိုးဝါနဲ့ နောက်ထပ်အမျိုးသား လေးဦးတို့ ဖြစ်ကြပါတယ်။

ဦးမောင်ထွဋ်ကို ရွာငံရဲစခန်းက ခေါ်ယူဖမ်းဆီးခဲ့တာဖြစ်ပြီး ကျန်တဲ့ဒေသခံငါးဦးကိုတော့ စစ်တပ်နဲ့ ရဲ ပူးပေါင်းအဖွဲ့တွေက နေအိမ်တွေမှာ လာရောက်ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဦးမောင်ထွဋ်က ကျေးရွာဥက္ကဋ္ဌဆိုတော့ ရဲစခန်းက လှမ်းခေါ်ပြီး ဖမ်းဆီးလိုက်တာပါ။ ကျန်တဲ့သူတွေကိုတော့ နေအိမ်တွေမှာ လာဖမ်းသွားတာ”

သူတို့ကို ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာကိုတော့ တိတိကျကျမသိရဘဲ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်ဆက်သွယ်မှု ရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးတာဖြစ်နိုင်တယ်လို့ သူကဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ကလည်း သိမ်ကုန်းရွာအုပ်ချုပ်ရေးမှူး ဦးမောင်ထွဋ်ကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးခဲ့ပြီး ငါးရက်အကြာမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေ ၁၇ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ အရပ်သား နှစ်သောင်းခွဲကျော် (၂၆,၆၉၅ ဦး) အထိ ဖမ်းဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။