ကျိုက်ထိုမှာ လက်နက်ကြီးကြောင့် ကိုယ်ဝန်ဆောင်အပါအဝင် သုံးဦးဒဏ်ရာရ

RFA Burmese
2024.06.04
ကျိုက်ထိုမှာ လက်နက်ကြီးကြောင့် ကိုယ်ဝန်ဆောင်အပါအဝင် သုံးဦးဒဏ်ရာရ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် စစ်ကွင်းရွာတွင် လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်တချို့ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂ ရက်နေ့က တွေ့ရစဥ်။
Citizen Journalist

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က ရွာတွေကို စစ်ကောင်စီတပ်က ဇွန်လ ၂ ရက်နဲ့ ၃ ရက် နှစ်ရက်ဆက်တိုက် လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံသုံးဦး ဒဏ်ရာရပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သိမ်ဇရပ်မြို့ အခြေစိုက် အမှတ် - ၃၁၀ အမြောက်တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် မုက္ခမော့ရွာက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၊ သုံးခွရွာက ကက်သလစ် ခရစ်ယာန် သီလရှင်တစ်ပါး၊ ဝါးဒတ်ကွင်းရွာက ဒေသခံ အမျိုးသားတစ်ဦးတို့ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကြီးကြောင့် စစ်ကွင်းရွာက နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၂ ရက်နေ့မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက အမှတ် - ၃၁၀ တပ်ရင်းကို သွာရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့လို့ အရပ်သားတွေ ဒဏ်ရာရခဲ့တာလို့ ကျိုက်ထိုမြို့နယ် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“သူတို့တပ်ကို ဒီက သွားတိုက်ခိုက်လို့ ဒီကသွားတဲ့လမ်းကြောင်းတွေကို ပြန်ပစ်တာပေါ့။ သူတို့တပ်က ရွာတွေထဲကို လက်နက်ကြီးတွေ မကြာခဏ ပစ်ခတ်လေ့ရှိပါတယ်”

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်သယံဇာတဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA ကပြုစုထားတဲ့စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ ငါးလအတွင်းမှာ သေဆုံးသူ ၆၆၂ ဦးရှိခဲ့ပြီး ဒဏ်ရာရသူက ၁၄၉၂ ဦးအထိ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။