ဂန့်ဂေါမှာ လက်နက်ကြီးကြောင့် နှစ်ဦး သေဆုံး၊ ၁၄ ဦး ဒဏ်ရာရ
2024.07.15

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လာပို့ရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၁၃ ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ CDM ဝန်ထမ်း အမျိုးသမီးတစ်ဦး အပါအဝင် နှစ်ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန CDM ဝန်ထမ်း အသက် ၃၂ နှစ် အရွယ် မဇင်မာမြင့်နဲ့ အသက် ၄၅ နှစ်အရွယ် ဦးမြင့်ဆွေဦး ဖြစ်ပြီး ဒဏ်ရာရသူတွေထဲမှာတော့ ကလေးသုံးဦး ပါဝင်တယ်လို့ ဆိုပါတယ်။
ဂန့်ဂေါမြို့ အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၅၀) တပ်ကနေ ငါးမိုင်ခန့်ဝေးတဲ့ အဲဒီရွာကို ပစ်ခတ်ခဲ့တာလို့ လာပို့ရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကျွန်တော်တို့ရွာကို လက်နက်ကြီး ၁၅ လုံး၊ အလုံးနှစ်ဆယ်လောက် အပစ်ခံရတယ်။ သူတို့ ပစ်တဲ့အချိန်မှာ ကျောင်းဆင်းချိန်လည်း ဖြစ်တော့ ကျောင်းသားတွေလည်း ထိတယ်။ အရပ်သားတွေလည်း သေတယ်ပေါ့ဗျာ"
လက်နက်ကြီးကြောင့် နေအိမ်ခြောက်လုံးခန့် ထိခိုက်ပျက်စီးခဲ့ပြီး ဒဏ်ရာရသူတွေထဲမှာတော့ သုံးဦးက အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က လာပို့ရွာထိပ်မှာ တိုက်ပွဲနှစ်ကြိမ် ဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရွာပတ်ဝန်းကျင်ကို မကြာခဏ ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့လတွေကလည်း စစ်ကောင်စီတပ်က ဂန့်ဂေါမြို့နယ် စိုင်ဒူးရွာ၊ ရှောက်ပင်ရွာ၊ ဇာဟောရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။