ကလေးမြို့နယ်မှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦးအပါအဝင် ဒေသခံနှစ်ဦး သေဆုံး
2023.11.21

စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း ဒိုးဝိုင်းချောင်းရွာကို နို၀င်ဘာ ၂၁ ရက်မနက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အသက်လေးနှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက်ပိုင်း ဒိုးဝိုင်းချောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီအချိန် ကလေးမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး အလုံးနှစ်ဆယ်ထက်မနည်း ပြန်ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
အသက်လေးနှစ်အရွယ် မောင်မုန်ဆောင်ဆန် (Mung Sawm Sang) ဟာ ဦးခေါင်းနဲ့ ရင်ဘတ်မှာ လက်နက်ကြီးအစထိမှန်သေဆုံးခဲ့ပြီး အမေနဲ့ အစ်မဖြစ်သူလည်း ဒဏ်ရာရခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"ဒီနေ့မနက် အစောကြီးတည်းက ပစ်ခတ်သံတွေကြားနေရတာ။ လက်နက်ကြီးတွေဆို တစ်လုံးပြီးတစ်လုံးပဲ။ အဲဒီကလေးက သူတို့ဘေးအိမ်က နံကပ်အိမ်ဆို ပိုလုံခြုံတယ် ဆိုပြီး အဲဒီကိုသွားတာပေါ့။ အဲဒီသွားတဲ့လမ်းမှာပဲ လက်နက်ကြီးထိသွားတာ နေရာမှာတင်ပဲသေသွားတယ်"
ဒဏ်ရာရခဲ့တဲ့ မောင်မုန်ဆောင်ဆန်ရဲ့ မိခင်နဲ့အစ်မဖြစ်သူတော့ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒိုးဝိုင်းချောင်းရွာက အသက် ၄၀ အရွယ် ဦးဟုမ်လျန်ထန်ငှာ (U Huam Lain Thanga) လည်း လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့မှာပဲ စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် လက်ပံချောင်းရွာက ခရစ်ယာန်ဘုရားကျောင်းတစ်ခုလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်နက်ကြီးကြောင့် ကလေးမြို့မြောက်ပိုင်းမှာရှိတဲ့ ဒိုးဝိုင်းချောင်း၊ လက်ပံချောင်း၊ ပျဉ်းခုံကြီး၊ ပြည်တော်သာ၊ ငှက်ပျောတော၊ ဟံသာ၊ ညောင်တော စတဲ့ရွာတွေက ဒေသခံတွေ ကလေးမြို့တွင်းနဲ့ ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ ထွက်ပြေးနေရတဲ့ ဒေသခံအရေအတွက်ကိုတော့ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးစိုင်းနိုင်နိုင်ကျော် RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။