ကောလင်းမြို့မှာ လက်နက်ကြီးကြောင့် ဒေသခံခြောက်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ
2024.01.02

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ စျေးထဲကို ဇန်နဝါရီလ ၂ ရက် မနက်ပိုင်း စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံခြောက်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ကောလင်းဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက် ကိုးနာရီခန့်ကစပြီး ဝန်းသိုမြို့အခြေစိုက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနဲ့ခြောက်ကြိမ် ပစ်ခတ်ခဲ့တာဖြစ်ပြီး တစ်လုံးကတော့ ကောလင်းမြို့အရှေ့ စျေးကြီးထဲ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဘာတိုက်ပွဲမှမဖြစ်ဘဲနဲ့ ဒီတိုင်းပစ်တာ။ မနက်ခင်း စျေးဖွင့်နေတဲ့အချိန်မှာ ကျရောက်ပေါက်ကွဲတာ။ ခြောက်ဦး သေတယ်။ ဒဏ်ရာရရှိတဲ့သူလည်း နှစ်ဦးလောက်ရှိတယ်"
သေဆုံးသွားသူတွေဟာ အသက် (၅၅) နှစ်အရွယ် ဒေါ်မိုးမိုးဝင်း၊ အသက် (၄၆) နှစ်အရွယ် ဒေါ်စန်းစန်းဝင်း၊ အသက် (၄၁) နှစ်အရွယ် ဒေါ်အေးနှင်းနဲ့ အမည်မသိရသေးတဲ့ အသက် (၁၇) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၄၀) နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ကောလင်းသတင်းတွေဖော်ပြနေတဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာ Kawlin Revolution-KR ကလည်း ဇန်နဝါရီလ ၂ ရက် မနက်ပိုင်းပစ်လိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် စျေးထဲကျရောက်ပေါက်ကွဲတာကြောင့် စျေးသူ၊ စျေးသား ခြောက်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၃ ဒီဇင်လာလ ၂၈ ရက်နေ့ကလည်း ဝန်းသိုမြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကောလင်းမြို့မှာ ကလေးငယ် နှစ်ဦးနဲ့ အသက် (၆၆) နှစ်အရွယ် ဦးကျော်ဝင်းတို့ သေဆုံးခဲ့ပြီး ဒီဇင်ဘာ ၃၀ ရက်မှာလည်း ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဇန်နဝါရီလ ၂ ရက် နေ့လယ်ပိုင်း ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။