စဥ့်ကူးမှာ လက်နက်ကြီးကြောင့် တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာ

RFA Burmese
2024.06.02
စဥ့်ကူးမှာ လက်နက်ကြီးကြောင့် တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အဝင်ကို တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ မြသီတာကျေးရွာမှာ ဇွန်လ ၁ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးကြီးတစ်ဦး သေဆုံးပြီး ကလေးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေပြည်ရွာရဲစခန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းကနေ တိုက်ပွဲဖြစ်တာမရှိဘဲ ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကြီးကြောင့် ရွာထဲက ကျောင်းဆောင်ပျက်စီးခဲ့သလို အသက် ၇၀ ကျော်အရွယ် ဒေါ်ငွေတင် နေရာမှာတင် သေဆုံးခဲ့ပြီး ၁၀ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“၁၀ နာရီလောက်မှာ တစ်ကြိမ်၊ နေ့လယ်မှာတစ်ကြိမ် နှစ်ကြိမ်ပစ်တယ်။ တစ်ကြိမ်က ရွာထဲက စာသင်းကျောင်းမှာ ပေါက်ကွဲပြီး ကျောင်းပျက်စီးသွားတယ်။ နောက်တစ်လုံးက အဘွားကြီး ရေချိုးနေတဲ့အချိန် အနားမှာကျပြီး ပွဲချင်းပြီး ဆုံးသွားတယ်။ ကလေးတစ်ဦးလည်း ဗုံးစ ထိမှန်ထားတယ်”

ဒဏ်ရာရတဲ့ကလေးကိုတော့ ဆေးကုသမှုပေးထားပြီး စိုးရိမ်စရာမရှိတော့ဘူးလို့ ဆိုပါတယ်။

မြသီတာရွာဟာ အိမ်ခြေ ခုနစ်ဆယ်ခန့်၊ လူဦးရေ သုံးရာခန့် နေထိုင်တဲ့ရွာဖြစ်ပြီး ဒေသခံအများစုဟာ လက်လုပ်လက်စားနဲ့ လယ်သမားတွေဖြစ်ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြေားခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ လူပေါင်းငါးထောင်ကျော် (၅,၁၇၃) ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။