အာဆီယံအစည်းအဝေးကို စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်

RFA Burmese
2024.01.28
အာဆီယံအစည်းအဝေးကို စစ်ကောင်စီကိုယ်စားလှယ် တက်ရောက် လာအိုနိုင်ငံ လွန်ပရာဘန်မြို့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကျင်းပရန် ပြင်ဆင်ထားသည့် မြင်ကွင်းအား ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

[Update: 11:00 PM, Jan 28 2024]

လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို စစ်ကောင်စီဘက်က နိုင်ငံရေးအရကိုယ်စားလှယ် မဟုတ်တဲ့ အထက်တန်း တာဝန်ရှိသူတစ်ဦး တက်ရောက်တယ်လို့ သံတမန်အသိုင်းအဝိုင်းကို ကိုးကားပြီး ဂျပန် ကျိုဒိုသတင်းက ဇန်နဝါရီလ ၂၈ ရက်နေ့က ဖော်ပြပါတယ်။

လာအိုနိုင်ငံ လွန်ပရာဘန်မြို့မှာ တနင်္ဂနွေနေ့က စတင်ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန အထက်တန်းတာဝန်ရှိသူတစ်ဦး တက်ရောက်တယ်လို့ ဖော်ပြပါတယ်။

အာဏာသိမ်းပြီးကတည်းက စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီကိုယ်စားပြုသူတွေကို အာဆီယံအစည်းအဝေး တက်ရောက်ခွင့် မပေးဘဲ ကန့်သတ်ပိတ်ပင်ထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့သူတစ်ဦးကိုပဲ တက်ရောက်ခွင့် ပေးမယ်လို့ အာဆီယံက ပြောဆိုထားပေမဲ့ စစ်ကောင်စီက လက်မခံတာကြောင့် ပြီးခဲ့တဲ့ သုံးနှစ်ဆက်တိုက် ညီလာခံတွေမှာ မြန်မာကိုယ်စားလှယ်နေရာကို ချန်လှပ်ထားခဲ့တာပါ။

အခု စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်လောက်ကြာလာချိန်မှာတော့ စစ်ကောင်စီဘက်က အထက်တန်းတာဝန်ရှိသူတစ်ဦးကို နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့သူအဖြစ် စေလွှတ်ဖို့ ဖြစ်လာတာလို့ သတင်းက ဖော်ပြပါတယ်။

ဒီနှစ်အတွက် အာဆီယံဥက္ကဋ္ဌနေရာကို လာအိုနိုင်ငံက တာဝန်ယူထားပြီး ဒီနေ့နဲ့ မနက်ဖြန် နှစ်ရက်ကြာ လာအိုနိုင်ငံ လွန်ပရာဘန်မြို့မှာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး လက်ခံကျင်းပနေတာပါ။

အစည်းအဝေးမှာ ဒေသတွင်း အရေးတကြီးဖြေရှင်းဖို့လိုနေတဲ့ မြန်မာနိုင်ငံအရေးကိုလည်း အဓိကထားဆွေးနွေးကြမှာ ဖြစ်ပါတယ်။


(မှတ်ချက်။ မူလသတင်းခေါင်းစဉ် ဖြစ်သည့် "အာဆီယံအစည်းအဝေးကို စစ်ကောင်စီကိုယ်စားလှယ် စေလွှတ်ဖို့ရှိ" အစား "အာဆီယံအစည်းအဝေးကို စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်" ဟူ၍ ပြင်ဆင်ရေးသားထားပါသည်။ ဤသတင်းနှင့် ပတ်သက်၍ နောက်ဆုံးရ သတင်းအချက်အလက်တချို့ကိုလည်း ဖြည့်စွက်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။