အာရှကမ္ဘာမြေ ကုမ္ပဏီကို အမျိုးသား လွှတ်တော်ရေး ရာကော်မတီ ခေါ်ယူတွေ့ဆုံ
2013.05.23
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသမှာ ရွှေတူးဖော်နေတဲ့ အာရှကမ္ဘာမြေကုမ္ပဏီက နိုင်ငံတော်ကို (၅) နှစ်စာ ရွှေ (၂) တန် ဆိုင်ငံ့ပေးသွင်ရန် မနေ့က နေပြည်တော်မှာ ညှိနှိုင်းသဘောတူညီချက် ရရှိခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော် လွှတ်တော်ဝန်းအတွင်း ရေးရာကော်မတီအဆောင် (၁၇) မှာ အမျိုးသားလွှတ်တော် သတ္ထုနဲ့ သယံဇာတရေးရာကော်မတီ၊ သတ္ထုတွင်းဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ ကုမ္ပဏီမှ တာဝန်ရှိသူတွေနဲ့ ကလောဒေသခံတွေ ညှိနှိုင်းဆွေးနွေးပြီး သဘောတူညီချက် ရရှိခဲ့တယ်လို့ သိရပါတယ်။
နေပြည်တော် သတ္ထုနဲ့ သယံဇာတ ရေးရာကော်မတီရုံးခန်းမှာ အာရှကမ္ဘာမြေ ကုမ္ပဏီတာဝန်ရှိသူတွေ ၊ သတ္ထုတွင်းဝန်ကြီးဌာနက တာဝန်ရှိသူတွေ နဲ့ ဒေသခံတွေကို ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ အမျိုးသားလွှတ်တော် သတ္ထုနဲ့ သယံဇာတရေးရာ ကော်မတီအတွင်းရေးမှူး ဦးလှဆွေက ပြောပါတယ်။
"သူတို့ကုမ္ပဏီက စာချုပ်က တစ်ရက်ကိုဆိုရင် ရွှေ ၁ ပိသာသွင်းရမှာ တစ်လကိုဆိုရင် ပိသာ ၃ဝ သွင်းရမှာ၊ အဲဒါကို တစ်လကို ၃ ပိသာပဲ သွင်းထားတဲ့အထောက်အထား ဒေသခံတွေကရတာပေါ့၊ အဲဒီအထောက်အထားကလည်း မှန်တယ်၊ အဲဒါကိုသတ္ထုဝန်ကြီးဌာနက လျော့ပေးထားတာ၊ ဘာကြောင့်လျော့ပေးလဲဆိုတော့ စမ်းသပ်ကာလဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ လျော့ပေးထားတာ၊ တကယ်တန်းကျတော့ စမ်းသပ်ကာလဆိုတာ တစ်ပြားမှသွင်းစရာမလိုဘူး၊ ဒါပေမယ့် စာချုပ်ချုပ်ထားတာက ကုမ္ပဏီက တစ်ရက်ကို ၁ ပိသာ သွင်းမယ်လို့ချုပ်ထားတာ"
အခုလို အမျိုးသားလွှတ်တော်က ခေါ်ယူတွေ့ဆုံတာဟာ ဒေသခံတွေရဲ့ တိုင်ကြားချက်ကြောင့် ဖြစ်တယ်လို့လည်း သိရှိရပါတယ်။ ကုမ္ပဏီက လုပ်ကိုင်နေတာတွေဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့အပြင်၊ စာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်မှုမရှိတာကြောင့် အခုလိုတိုင်ကြားရခြင်းဖြစ်တယ်လို့ ကလောဒေသခံ ဦးအောင်ကြိုင်က အခုလိုပြောပါတယ်။
"ပွင့်လင်းမြင်သာမှု မရှိတာရယ် နောက်ပြီး သူတို့လုပ်နေတဲ့အလုပ်တွေက သူတို့စာချုပ်တွေနဲ့ တလွဲဖြစ်နေတယ်လေ၊ အဲဒါကြောင့်ပါ၊ ကျနော်တို့ ပြဿနာရှာချင်လို့ မဟုတ်ပါဘူး၊ ဆန္ဒပြတာတို့ဘာတို့လဲ ကျနော်တို့ဆီမှာ မရှိပါဘူး၊ ကျနော်တို့က သူတို့ black list ခံသွားရရင် နိုင်ငံတော်ကြီး နစ်နာမှာစိုးလို့ ကျနော်တို့ ပြည်နယ်မှာရှိနေတဲ့ သယံဇာတကို ဒီလူတစ်စုက အလွဲသုံးစားလုပ်သွားမှာစိုးလို့ လာပြီးဖြေရှင်းရခြင်းဖြစ်ပါတယ်"
အာရှကမ္ဘာမြေ ကုမ္ပဏီဟာ အဲဒီကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသမှာ ရွှေတူးဖော်တဲ့လုပ်ငန်းကို လုပ်နေတာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကထဲကလို့လည်း ဒေသခံတွေကပြောပါတယ်။
အဲဒီရွှေတွင်းလုပ်ငန်းတွေမှာ ပြီးခဲ့တဲ့မေလ ၁ ရက်နေ့က မိုးကြီးခဲ့တာကြောင့် ရွှေတွင်းတွေပြိုကျပြီး သေဆုံးသူ ရာဂဏန်းအထိ ရှိခဲ့တယ်လို့ တနိုင်တပိုင် ရွှေတူးဖော်ရေး လုပ်ငန်းပိုင်ရှင်တွေက ပြောပါတယ်။