နိုင်ငံရေးအရ ဆွေးနွေးဖို့ လိုသေးကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ပြော
2012.01.15

ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီနေ့မနက်ပိုင်းက တွေ့ဆုံချိန်မှာ အဲဒီလို ပြောကြားလိုက်တာလို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်က ပြောပါတယ်။
“စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဘယ်လို ပြန်လုပ်မလဲ ဆိုတာကို သူတို့ စဉ်းစားမယ်။ နောက် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တဆင့်ပြီးမှ တဆင့် လျှော့သွားဖို့ စဉ်းစားမယ်လို့ ပြောပါတယ်”
နိုင်ငံက နောက်ဆုံး ဖြစ်ထွန်းမှုတွေဟာ ဒီမိုကရေစီ ဖြစ်စဉ်နဲ့ အမျိုးသား ရင်ကြားစေ့ရေးအတွက် အားသစ်လောင်းလိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း ပြင်သစ်ဝန်ကြီးနဲ့ တွေ့ဆုံအပြီးမှာ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားပါတယ်။
ဒါပေမယ့် အဓိက စိုးရိမ်ကြောင့်ကြနေတဲ့ အချက်တွေထဲက တစ်ခု ကတော့ တိုင်းရင်းသားပဋိပက္ခ ချုပ်ငြိမ်းနိုင်ရေးပါပဲ လို့ ဆက်လက် ပြောပါတယ်။ ကတိတည်တဲ့အတွက် သမ္မတကို ယုံကြည်တယ်လို့ သူ ပြောနိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ပြင်သစ်ဝန်ကြီးနဲ့ တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ကျန်သေး တဲ့ အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဆက်လက်ဆောင်ရွက် မယ့်အကြောင်း ပြောကြားတယ်လို့ ဦးဟံသာမြင့်က ဆိုပါတယ်။
နေပြည်တော်မှာ မနေ့ကလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီးက မိမိတို့မှာရှိတဲ့ အကျဉ်းသားစာရင်းနဲ့ NLD က တင်ပြခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားစာရင်းကို တိုက်ဆိုင်စစ်ဆေးခဲ့ ကြောင်း၊ လက်ရှိ မလွတ်ဘဲ ကျန်နေသူတွေဟာ ပြစ်မှုနဲ့ ငြိစွန်းသူတွေ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။
Mr. Alain Juppe ရဲ့ မြန်မာနိုင်ငံခရီးဟာ ၁၉၄၈ ခုနှစ်မှာ ဗြိတိသျှ လက်အောက်ကနေ လွတ်လပ်ရေး ရပြီးကတည်းက မြန်မာနိုင်ငံကို ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး ပထမဆုံးအကြိမ် လာရောက်တဲ့ သမိုင်းဝင် ခရီးစဉ် ဖြစ်ပါတယ်။
Mr. Alain Juppe ဟာ ရန်ကုန်မြို့ကို မနေ့က ည ၇ နာရီကျော်မှာ ရောက်ရှိလာပြီး ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၊ ကိုမြအေးတို့နဲ့ ပြင်သစ်သံရုံးမှာ ည ၈ နာရီက တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့ မွန်းလွဲပိုင်းမှာတော့ ကိုမင်းကိုနိုင်၊ ကိုဇာဂနာတို့နဲ့ ပြင်သစ်သံရုံးမှာ တွေ့ဆုံပါတယ်။ မနက်ဖြန်မှာ နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဖို့ရှိပါတယ်။