ဒေါ်အောင်ဆန်းစုကြည်ကို အိုင်ယာလန်လူထု ထောင်နဲ့ချီ ကြိုဆို
2012.06.18

အခမ်းအနားမှာ လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်ကတည်း က ဒေါ်အောင်ဆန်းစုကြည်ကို ဒပ်ဗလင် မြို့သူမြို့သားတွေ ချီးမြှင့် ခဲ့တဲ့ Freedom of the City ဂုဏ်ပြုလွှာကိုလည်း မြို့တော်ဝန် ကိုယ်တိုင် ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။
အခုလို ဒပ်ဗလင်မြို့က ကြီးကျယ်ခမ်းနားလှတဲ့ ဂုဏ်ပြုမှုတွေဟာ သူ့ဘဝတလျှောက်လုံးအတွက် မေ့နိုင်တော့မှာမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာတဲ့ အိုင်ယာလန်ပြည်သူတွေ ကို ပြောကြားခဲ့ပါတယ်။
“ အိုင်ယာလန်နိုင်ငံက လှိုက်လှိုက်လှဲလှဲ ကျွန်မကို ကြိုဆိုတာကို ကျွန်မရဲ့နှလုံးသားထဲကနေ ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ရဲ့ဒီမိုကရေစီခရီးဟာ မပြီးဆုံးသေးတဲ့အတွက် အိုင်ယာလန်ပြည်သူတွေ ဟာ ဆက်လက်ပြီး အခုလို ကျွန်မတို့နဲ့ တသားတည်းရပ်တည်နေမယ်လို့ ယုံကြည်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
ဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုနဲ့အတူ သူရဲ့ဦးဆောင်မှုအရည်အချင်း၊ စွမ်းရည်သတ္တိနဲ့ ဉာဏ်ပညာကြီးမားမှု တို့ကို ဂုဏ်ပြုတဲ့အနေနဲ့ အထူးရုပ်တုကိုလည်း မြို့တော်ဝန် က ပေးအပ်ခဲ့ပါတယ်။
အလားတူ AI ခေါ် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ၂၀၀၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ Ambassador of Conscience Award အသိဉာဏ်ပညာထူးချွန်ဆုကိုလည်း ဒပ်ဗလင်မြို့က ခမ်းနားကြီးကျယ်တဲ့ Bord Gais Energy Theatre မှာကျင်းပခဲ့ပြီး ကမ္ဘာကျော် ယူတူး တေးဂီတအဖွဲ့ခေါင်းဆောင် Bono က ဂုဏ်ပြုလွှာကို ပေးအပ်ခဲ့ပါတယ်။
ဒီအခမ်းအနားကို အခြား ကမ္ဘာကျော် ဂီတအနုပညာရှင်တွေဖြစ်တဲ့ Bob Geldof, Joely Richardson, Damien Rice နဲ့ Jack Gleeson တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ ခြောက်နာရီကြာမြင့်တဲ့ အိုင်ယာလန်နိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ အိုင်ယာလန် သမ္မတနဲ့အတူ အစိုးရအဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံခဲ့ ပါတယ်။