ကော့မှူး မဲဆန္ဒနယ်က ရွေးကောက်ပွဲဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည် စဉ်းစားနေ
2011.12.05

RFA
ကော့မှူး မဲဆန္ဒနယ်ကနေ ဝင်ပြိုင်ဖို့ အပြီးသတ် ဆုံးဖြတ်ချက် မချရသေးပေမယ့် စဉ်းစားနေတာတော့ မှန်တယ်လို့ အင်န်အယ်လ်ဒီ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။
ကော့မှူးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာဟာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမတ် ဦးစိုးတင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီးရာထူး တာဝန် ထမ်းဆောင်သွားတဲ့ အတွက် လစ်လပ်သွားတဲ့ နေရာလို့လည်း သိရပါတယ်။
တစ်ဆက်ထဲမှာလည်း အင်တာနက် စာမျက်နှာ တချို့မှာ ဖော်ပြချက်အရ ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်မယ့် ကော့မှူး မဲဆန္ဒနယ်မှာ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ တစ်ဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီ(တစည) က ဝင်ရောက် ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း တစညပါတီ တာဝန်ရှိသူ တစ်ဦးက ပြောတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အပတ်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံ ဆွေးနွေးရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီတို့ မှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲ ဝင်နိုင်အောင် စီမံ ဆောင်ရွက်ပေးတာဟာ ထင်ရှားတဲ့ အပြောင်းအလဲ ဖြစ်ကြောင်း ဦးသိန်းစိန်က ထည့်သွင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
တရားဝင် ကြေညာထားတဲ့ လစ်လပ်နေရာ ၄၈ နေရာမှာ ပြည်သူ့ လွှတ်တော် အမတ် နေရာ ၄၀၊ အမျိုးသား လွှတ်တော် ၆ နေရာနဲ့ တိုင်းဒေသကြီး လွှတ်တော် ၂ နေရာ ရှိပါတယ်။ ဒါပေမယ့် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ရက်ကိုတော့ ရွေးကောက်ပွဲ ကော်မရှင်က ဒီနေ့အထိ ကြေညာ သတ်မှတ်တာ မရှိသေးပါဘူး။
ဒီအကြောင်း အင်န်အယ်လ်ဒီ ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းနဲ့ ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |