NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လားရှိုးခရီးစဉ် စတင်

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးတွေ စုံပြီး လူဦးရေ များတဲ့အတွက် တစ်ဦးနဲ့ တစ်ဦး နားလည်မှု ရှိရပါမယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

2012.03.17
assk-lashio-b305 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းကြည် ၂ဝ၁၂ မတ်လ ၁၇ ရက်နေ့က လားရှိုးမြို့ ရန်တိုင်းအောင်ကွင်းတွင် လူထုကို မိန့်ခွန်းပြောကြားစဉ်။
National League for Democracy

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို နိုင်ငံရေး စည်းရုံးရေးခရီးစဉ်အဖြစ် ရောက်ရှိလာပြီး ရန်တိုင်းအောင် ဘုရားကြီးဝင်းမှာ ထောင်သောင်းချီတဲ့ လူထုပရိသတ်ကို မိန့်ခွန်းပြောရာမှာ အဲဒီလို ထည့်သွင်း ပြောကြားတာပါ။ လာရောက်ကြည့်ရှု နားထောင်တဲ့ ပရိသတ် ၈ သောင်းနီးပါး ရှိမယ်လို့ ဒီခရီးစဉ်မှာ အတူ လိုက်ပါလာတဲ့ ဦးခွန်သာမြင့်က ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးစဉ်တိုင်းလိုလို သတင်းလိုက်ယူတဲ့ သတင်းထောက်တွေကတော့ ဒီကနေ့မိန့်ခွန်းဟာ နယ်တွေမှာ ပြောခဲ့သမျှ မိန့်ခွန်းတွေအနက် အချိန်အကြာဆုံးပဲလို့ ပြောပါတယ်။ မိန့်ခွန်းထဲမှာ ကြားဖြတ်ရွေးကောက်ပွဲ အကြောင်းလည်း ပါဝင်ပြီး မဲပေးဖို့ မှတ်ပုံတင် အခက်အခဲ ရှိနေတဲ့အကြောင်းကို ပရိသတ်က တင်ပြတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဆွေးနွေးခဲ့တယ်လို့ သတင်းထောက်တဦးက ပြောပါတယ်။

“ရှမ်းပြည်မြောက်ပိုင်းမှာ ရှိတဲ့ ပြည်သူ တော်တော်များများက မှတ်ပုံတင် မရှိတဲ့အတွက် မဲပေးဖို့ ကော်မရှင်ရုံးမှာ သူတို့နာမည်စာရင်းတွေ မပါဘူးလို့ ပြောကြတယ့်။ ဒေါ်အောင်ဆန်းစုကြည်က ဒါဆိုလို့ရှိရင် ရွေးကောက်ပွဲအမီ မှတ်ပုံတင်တွေ ပြန်လုပ်ရမယ်လို့ ပြောပါတယ်”

ငွေမပေးလို့ မှတ်ပုံတင် မရကြသူတွေ လက်မှတ်ရေးထိုးပြီး NLD အဖွဲ့ချုပ်ကို ပေးပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်လို့လည်း ဆိုပါတယ်။ ညီညီညွတ်ညွတ်နဲ့ လုပ်လိုက်ရင် အရာ ရာက်တဲ့အကြောင်း၊ ကြိုးစား လုပ်ပေးမယ့်အကြောင်း၊ ရွေးကောက်ပွဲအမီ မှတ်ပုံတင် ရအောင် လုပ်မပေးနိုင်ရင်တောင်မှ ဒီသတင်းဟာ တတိုင်းပြည်လုံး တကမ္ဘာလုံး ပျံ့သွားအောင် လုပ်ပေးနိုင်တဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတယ်လို့ သိရပါတယ်။ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လစ်လပ်တစ်နေရာ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။