ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ မော်လမြိုင်မြို့ကို ရောက်ရှိ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ပြည်နယ် မော်လမြိုင်မြို့ကို ပါတီ စည်းရုံးရေးခရီး ဒီနေ့ သွားရောက်ရာမှာ သောင်းသောင်းဖြဖြ ကြိုဆိုတဲ့ လူထုကို လမ်းခရီးတလျှောက် နှုတ်ဆက်စကား ပြောကြားခဲ့ပါတယ်။

2012.03.10
assk-mawlamyine-b305 ၂ဝ၁၂ ခုနှစ် မတ်လ ၁ဝ ရက်နေ့က မွန်ပြည်နယ်သို့ ပါတီစည်းရုံးရေးခရီး ရောက်ရှိလာသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မော်လမြိုင်မြို့ ကမ်းနားလမ်း စထရင်းဟိုတယ်တွင် ကြိုဆိုနှုတ်ဆက်စဉ်။
National League for Democracy

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ သထုံမြို့ လူထုကို မိန့််ခွန်းပြောကြားပြီးနောက် ည ၈ နာရီကျော်မှာ မော်လမြိုင်မြို့ကို ရောက်ရှိကြောင်း ခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ ဦးခွန်သာမြင့်က ပြောပါတယ်။

“မနက်က ၈ နာရီ ရန်ကုန်က ထွက်ပါတယ်။ လမ်းမှာ ကြိုတဲ့လူတွေ သိပ်များပါတယ်။ ရွာစဉ်ကလည်း ဆက်နေတော့ မှန်းထားတဲ့အချိန်ထက် အများကြီး နောက်ကျပါတယ်။ ပဲခူးတိုင်းက ဖြတ်လာပြီး မွန်ပြည်နယ်အစ မုပ္ပလင်မှာ နှုတ်ခွန်းဆက်စကား ပြောပါတယ်။ ကျိုက်ထို၊ ဘီးလင်းမှာ နှုတ်ခွန်းဆက်စကား ပြောပါတယ်။ ဒီလောက်ပါပဲ”

သထုံမြို့နဲ့ ပေါင်မြို့တို့ကို ခေတ္တ ဝင်ရောက်ရပ်နားရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူအုပ်ကြီးက စောင့်ကြို နှုတ်ဆက်ကြတယ်လို့ မော်လမြိုင်မြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဌေးကြွယ်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လူထုကို စကားပြောဖို့ တောင်းခံတဲ့ မော်လမြိုင်မြို့ သံလွင် ဥယျာဉ်ကွင်းမှာ ဟောပြောခွင့်မရတဲ့အတွက် မြို့နဲ့ ၆ မိုင်လောက် ဝေးတဲ့ မော်လမြိုင်- ကျိုက်မရော ကားလမ်းနဘေးက ကွမ်းခြံရွာ ဘောလုံးကွင်းမှာ မနက်ဖြန် မနက် ၉ နာရီမှာ ဟောပြောဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။