ဒေါ်အောင်ဆန်းစုကြည် မန္တလေးတိုင်း ခရီးစဉ် ရက်ရွှေ့

မန္တလေးတိုင်းကို ဖေဖေါ်ဝါရီ ၄ ရက်နဲ့ ၅ ရက် သွားရောက်မယ့် ပါတီစည်းရုံးရေး ခရီးစဉ်မှာ လူထုကို မိန့်ခွန်းပြောဖို့ နေရာအခက်အခဲ ကြုံနေရတာကြောင့် ဒေါ်အောင်ဆန်းစုကြည်က ခရီးစဉ်ရက်ကို မနေ့ညက ရွှေ့ဆိုင်းလိုက်တယ်လို့ အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောပါတယ်။

2012.02.02
ASSK_rally_305_z.jpg ဒေါ်အောင်ဆန်းစုကြည်၏ ၂၀ဝ၂ ခုနှစ် ဒီဇင်ဘာလ စည်းရုံးရေးခရီးစဉ်တခုအတွင်း မိန့်ခွန်းပြောကြားစဉ် တက်ရောက်လာသော လူထု တစိတ်တဒေသကို တွေ့မြင်ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

မန္တလေးမှာ ပါတီစည်းရုံး ဟောပြောခွင့်အတွက် မန္တလေး ရွေးကောက်ပွဲ ကော်မရှင်ကို စည်းမျဉ်းနဲ့အညီ ၁၀ ရက် ကြိုတင် အကြောင်းကြားပြီး ဗထူး ဘောလုံးကွင်းကိုလည်း ဥပဒေအရ ၇ ရက်ကြိုတင် ငှားရမ်းရမယ် ဆိုပေမယ့် အန်အယ်လ်ဒီအနေနဲ့ ၁၀ရက် ကြိုတင် ငှားရမ်းခဲ့ပါတယ်။ ဒါပေမယ့် ကော်မရှင်က ဘောလုံးအဖွဲ့ချုပ်ရဲ့ ခွင့်ပြုချက် တောင်းခံခဲ့သလို ဘောလုံးအဖွဲ့ချုပ်ကလည်း ကော်မရှင်ရဲ့ ခွင့်ပြုချက် တောင်းခံခဲ့ပါတယ်။ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်က မန္တလေးခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ဦးအုံးကြိုင်က ပြောပါတယ်။

“လူထုကို အားနာစရာ ကောင်းတယ်။ လူထုက လာမယ်ဆိုပြီးတော့ မျှော်နေတာ။ မန္တလေး လူထုဆိုတာ ကျွန်တော်တို့ သိတယ်။ ဒေါ်စုလာပြီဆိုရင် ကြိုတဲ့ ဆိုတဲ့ တွေ့ချင်မြင်ချင်ကြတဲ့ ပရိသတ်က များမှာ။ အဲဒါကြောင့် ကျွန်တော်တို့က ဗထူးကွင်းကို စီစဉ်ရတာ။ လမ်းပိတ်ဆို့မှုတွေ ဘာတွေ မဖြစ်အောင်၊ လူထုလည်း သက်သာအောင်။ အဲဒါ အခု အဆင်မပြေဘူးပေါ့။ ထပ်ကြိုးစားရမှာပေါ့”

ဗထူး ဘောလုံးကွင်းကို Max မြန်မာ စီးပွားရေး လုပ်ငန်းရှင်လည်းဖြစ်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးဇော်ဇော်ကို အားကစား ဝန်ကြီးဌာနက အနှစ် ၂၀ စာချုပ်နဲ့ ငှားရမ်းထားပြီး ဖြစ်ပါတယ်။

စည်းရုံးရေး ထွက်ခွာနီး အချိန်ထိ ဦးဇော်ဇော်ဆီက ခွင့်ပြုချက် မရတာကြောင့် မန္တလေးတောင်ခြေက ရတနာပုံ အားကစားကွင်းကို ထပ်မံ ငှားရမ်းဖို့ ကြိုးစားရာမှာလည်း သက်ဆိုင်ရာဆီက ခွင့်ပြုချက် မရခဲ့ဘူးလို့ ဦးအုံးကြိုင်က ပြောပါတယ်။

နောက်ဆုံးမှာ မန္တလေး ၃၅ လမ်းက ရှမ်းတိုင်းရင်းသားများ သာရေး နာရေးကွင်းကို ငှားရမ်းခွင့်ရပေမယ့် နေရာ အလွန်ကျဉ်းတာကြောင့် လာရောက်နားထောင်မယ့် အများပြည်သူတွေအတွက် အခက်အခဲတွေ ရှိနိုင်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က မန္တလေး ခရီးစဉ်ရက်ကို ရွှေ့ဆိုင်းလိုက်တာလို့ ဦးအုံးကြိုင်ကပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။