ကလေးစစ်သားဟောင်းအမှု တရားလိုကို စစ်ဆေး


2018.07.23
aungkohtwe-jail-622.jpg ကိုအောင်ကိုထွေး ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: Wai Mar Tun/RFA

ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးနဲ့ ဝန်းရံသူ ၃ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က အမှုဖွင့်အရေးယူဖို့ ညွန်ကြားတာကြောင့် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေပုဒ်မ ၇ နဲ့ တရားစွဲဆိုတာဖြစ်တယ်လို့ တရားလိုက ဒီနေ့ ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

တရားလိုဖြစ်တဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှူး၊ ရဲမှူးမောင်မောင်က ဒီနေ့ တရားခွင်မှာ ထွက်ဆိုခဲ့တဲ့အခြေအနေနဲ့ ပတ်သက်ပြီး ကိုအောင်ကိုထွေး အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို တက်နင်းနေပါတယ်ဆိုတဲ့ တိုက်ရိုက်ဓါတ်ပုံ တစ်ပုံမှ သက်သေခံ မရှိပါဘူး။ အထက်ကနေ ကြေးနန်းနဲ့ညွန်ကြားတယ်ဆိုတာကို အထောက်အထားနဲ့ မတင်နိုင်ဘူး။ ကျနော်တို့ သံသယဖြစ် တာက အထက်အမိန့်၊ အထက်အမိန့်ဆိုတာက ဥပဒေနဲ့ မညီတဲ့စကားပါ။ ဘယ်အထက်အမိန့်ဆိုတာကို ကြေးနန်းစာလည်းမတင်ပြနိုင်ဘူး။ ဖက်စ်လည်း မတင်ပြနိုင်ဘူးဆိုတော့ သူ့ပါးစပ်ထဲက ထွက်တဲ့အထက် အမိန့်သဘောပဲရှိပါတယ်။ တကယ်ပဲ ဥပဒေအရဆိုရင်တော့ အထက်ကလည်း အဲ့လိုတော့ ညွှန်ကြားမှာ မဟုတ်ပါဘူး"

အမှုဖွင့်အရေးယူဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့က ကြေးနန်းနဲ့ ညွန်ကြားလာ တာဖြစ်ပြီး တရားစွဲဆိုမှုကို ရဲလုပ်ထုံးလုပ်နည်းအရ လုပ်ဆောင်ခဲ့တာလို့ ရဲမှူးမောင်မောင်က ထွက်ဆိုပါတယ်။

အခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးမှာ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ရုံးထုတ်လာစဉ်မှာ ကိုအောင်ကိုထွေးနဲ့ ဝန်းရံသူ (၃) ဦးက ဖွဲ့စည်းပုံအခြေခံ ဥပဒေစာအုပ်ကို ခြေထောက်နဲ့ နင်းခဲ့တယ်လို့ ပြောပါတယ်။

ဇန်နဝါရီလ ၁၇ ရက်နေ့က အဖြစ်အပျက်အတွက် အရေးယူဖို့ ရဲတပ်ဖွဲ့ဌာနချုပ်က ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ညွှန်ကြားစာပေးပို့ခဲ့တယ်လို့ ရဲမှူးမောင်မောင်က ထွက်ဆိုပေမယ့် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးဟာ ထပ်တိုးအမှုနဲ့ သူတရားစွဲဆိုခံရတာကို ၂ လကျော်ကြာမြင့်ပြီးနောက် မတ်လ ၂၈ ရက်နေ့မှ သိခဲ့ရတာဖြစ်ပါတယ်။

ရဲလက်စွဲနဲ့ ရဲအရေးပိုင်တဲ့အမှုတွေမှာ အဖြစ်အပျက်ဖြစ်ပွားတာနဲ့ ချက်ခြင်းအမှုဖွင့်ရတာဖြစ်ကြောင်း ကိုအောင်ကိုထွေးရဲ့ အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်က တရားခွင်မှာ ထောက်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပြီးနောက် ထပ်တိုးအမှုနဲ့ တရားစွဲဆိုထားတယ်လို့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တရားသူကြီး ဦးချစ်ကိုကိုက ပြောခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။