အောင်ရဲထွေးအသတ်ခံရမှု ပြန်လည်စစ်ဆေးဖို့ ရန်ကုန်တိုင်းတရားလွှတ်တော် အမိန့်ချ
2018.09.24

ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုအပေါ် အမှုရုပ်သိမ်းခဲ့တာကိုပယ်ဖျက်ခဲ့ပြီး ပြန်လည်စစ်ဆေးဖို့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ဒီကနေ့ အမိန့်ချမှတ်လိုက်ပါတယ်။
အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်ပြီး အရှေ့ပိုင်းခရိုင် တရားရုံးမှာ စစ်ဆေးနေချိန် ဆက်လက်မစစ်ဆေးဘဲ အမှုကို ရုပ်သိမ်းပြီး တရားခံတွေကို လွှတ်ပေးခဲ့တဲ့အတွက် နိုင်ငံတော် အစိုးရက တရားလိုလုပ်ပြီး ရာဇဝတ် ပြင်ဆင်မှုအဖြစ် ပြန်လည်စီစစ်ဖို့ တိုင်ကြားထားတာကို တိုင်းတရားရုံးမှာ ဒီနေ့မှာ အခုလို အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
တိုင်းတရားလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အရ အချုပ်နဲ့ လွတ်နေတဲ့သူတွေကို တရားရုံးကို လာရောက်အမှုရင်ဆိုင်ဖို့ စာထုတ်အကြောင်းကြားသွားဖို့ရှိတယ်လို့ ဥပဒေကြောင်းနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
"ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က မူလရုံးရဲ့ အမိန့်ကနေပြီး ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၄ (က) အရ အမှုကို ရုပ်သိမ်းခွင့်ပြုပြီးတော့ တရားရှင်လွတ်ခဲ့တဲ့ အမိန့်ကိုပယ်ဖျက်လိုက်ပြီးဆိုရင် မူလအတိုင်း ပြန်ဖြစ်သွားပြီ။ ဒီဥစ္စာက အောက်ရုံးကို အမှုတွဲပြန်ရောက်မှ အောက်ရုံးတာဝန်ကျတဲ့ တရားသူကြီးက စွပ်စွဲခံရတဲ့သူတွေ ရုံးလာဖို့ စာထုတ်မယ် (သို့) ဖမ်းဝရမ်းထုတ်မယ် အဲဟာကို သူတို့လုပ်မှာပါ။ ပိုက်ဆံ ပေးလိုက်ရတဲ့ ကာယကံရှင်တွေက ဟန်ထူးတို့ကို တရားမကြောင်းအရ နစ်နာကြေးလျော်ကြေးစွဲဖို့ လိုတယ် ပိုက်ဆံလည်း ပေးရသေးတယ် အရာလည်း မထင်ဘူးဆိုတော့ ဘာဘဲဖြစ်ဖြစ် ဒီစွပ်စွဲခံရတဲ့သူတွေအတွက် နစ်နာတယ်"
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဒီအမှုနဲ့ ပတ်သက်ပြီး တိတိကျကျ ပြန်လည်စစ်ဆေးဖို့ ဇူလိုင်လ ၃၁ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော်မှာ ပြောကြားခဲ့ပြီးနောက်မှာ ဒီအမှုကို ကိုင်တွယ်ခဲ့သူတွေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဥပဒေချုပ် ဦးဟန်ထူး၊ တိုင်း ဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန် အရှေ့ပိုင်းခရိုင် ဥပဒေ အရာရှိ ဦးကိုကိုလေး၊ ဒုတိယ ခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယ ခရိုင် တရားသူကြီး ဦးအောင်ကြည်နဲ့ ရဲအုပ် ချစ်ကိုကို တို့ကို ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ အမှုဖွင့်ထားကြောင်း ဖမ်းဆီးအရေးယူထားပါတယ်။
ဟာသသရုပ်ဆောင် အောင်ရဲထွေးဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ ညက The One Entertainment မှာ ဝိုင်းဝန်းထိုးကြိတ်တာကို ခံရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် နှစ်ရက်အကြာ ရန်ကုန်ဆေးရုံကြီးမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
လောလောဆယ် အောင်ရဲထွေး သေဆုံးမှုမှာ တရားစွဲခံထားရတဲ့ သန်းထွဋ်ဇော်(ခ)သားကြီး၊ ပြည့်ဖြိုးအောင်(ခ) အောင်လေးနဲ့ ကျော်ဇောဟန်(ခ) ကျော်ဇော်တို့ကို ဖမ်းဆီးထားခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။