နာရေးကူညီမှုအသင်းထုတ် ဗွီဒီယိုခွေများ ဆင်ဆာတင်ရမည်

နာရေးကူညီမှုအသင်း (ရန်ကုန်) က ထုတ်ဝေတဲ့ မှတ်တမ်းဗီဒီယို စီဒီခွေတွေကို ဆင်ဆာ အရင် တင်ပြဖို့နဲ့ ခွင့်ပြုချက်မရခင် မဖြန့်ဝေဖို့ သက်ဆိုင်ရာက ခေါ်ယူ တားမြစ်လိုက်ပါတယ်။

2011.05.15
hearse_free_funeral_305_z ရုပ်ရှင်သရုပ်ဆောင် ကျော်သူဦးစီးသည့် နာရေးကူညီမှုအသင်း ရုံးရှေ့တွင် အသုဘယာဉ် တစီး ရပ်ထားပုံ ဖြစ်ပါသည်။ (Photo: Free Funeral Services Society- F.F.S.S)
(Photo: Free Funeral Services Society- F.F.S.S)

ရန်ကုန် နာရေးကူညီမှုအသင်း တွဲဘက် အတွင်းရေးမှူး ဦးတင်မောင်ဝင်းကို မြောက်ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်မင်းက မနေ့က ခေါ်ယူပြီး တားမြစ်ခဲ့တာပါ။

မှတ်တမ်း ဗီဒီယို စီဒီခွေတွေထဲမှာ ဆင်ဆာအဖွဲ့ရဲ့ မူအရ တည်းဖြတ်ပေးရမယ့်၊ အများပြည်သူ မြင်လို့ မသင့်တော်တဲ့ ရုပ်ပုံပြကွက်တွေ မပါရှိပါဘူးလို့ ရန်ကုန် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ က RFA ကို ပြောပါတယ်။

“ဒီခွေတွေကတော့ နာရေးကူညီမှု လုပ်ငန်းစဉ်တွေပေ့ါလေ၊ ခဲရာခဲဆစ် သွားသယ်တာတွေ ကျနော်တို့ရဲ့ ပေးဆပ်မှုတွေနဲ့ ဆေးကုသနေတဲ့ပုံတွေ ပေါ့။ ကလေးသူငယ်တွေ ပညာ သင်ကြားတဲ့ပုံတွေ၊ နောက်က အဆိုတော်တွေရဲ့ သီချင်းတွေနဲ့ မှတ်တမ်းခွေပါ။ ဒီခွေကလည်း အများပြည်သူ အတော်လေး နှစ်သက်တာကို တွေ့ရပါတယ်။ အများပြည်သူ မြင်လို့မကောင်းတဲ့ ပြကွက်မျိုးတွေလည်း မပါပါဘူး။ တကယ်တမ်း ကျနော်တို့ လုပ်နေတာ ဒီထက်အများကြီး နက်နက်ရှိုင်းရှိုင်း လုပ်ရတာ။ လူမြင်လို့ကောင်းတဲ့ဟာတွေပဲ ကျနော်တို့ ထည့်ထားပါတယ်”

ဒါ့အပြင် အဲဒီ ဗီဒီယို စီဒီခွေတွေဟာ အလှူရှင်တွေကိုသာ သီးသန့် ဖြန့်ဝေတာ ဖြစ်ပြီး အများပြည်သူတွေကို ရောင်းချတာ၊ ဖြန့်ဝေတာ မရှိဘူးလို့လည်း ဦးကျော်သူက ပြောပါတယ်။ မီဒီယာတွေအပေါ်မှာ ဆင်ဆာ စီစစ်တာတွေ လျှော့ပေးလိမ့်မယ်လို့ အများက မျှော်လင့်နေကြတဲ့ အစိုးရသစ် စတင် အုပ်ချုပ်တဲ့အချိန်မှာမှ သူတို့အဖွဲ့က ဗီဒီယို စီဒီထုတ်လုပ်တာကို ပထမဦးဆုံး ကန့်သတ်ခံရတာ ဖြစ်တယ်လို့ ဦးကျော်သူက ဆက်ပြောပါတယ်။

“အခု ပြောင်းလဲလာတဲ့ အစိုးရသစ် လက်ထက်မှာ ပထမဦးဆုံး ရင်ဆိုင်ရတာ ဒီပြဿနာ ပါပဲ။ အရင်တုန်းက မရှိပါဘူး။ အခုမှ ဆင်ဆာတင်ရမယ် ဆိုတာ ခေါ်ပြောတာ။ ခပ် ရိုင်းရိုင်းပြောမယ်ဆိုရင် မသာတောင်မှ ဆင်ဆာ ဖြတ်ခံနေရတယ် ဆိုတာလို ဖြစ်နေတာ။ နာရေးတောင်မှ ဆင်ဆာထိပြီးမှ၊ ခွင့်ပြုမှ ဆိုတာကတော့ သိပ်အဓိပ္ပါယ် မရှိပါဘူး။ ကျနော်တို့ကတော့ သန့်သန့်ရှင်းရှင်း ကိုယ့်လိပ်ပြာ ကိုယ်လုံစွာနဲ့ ဒီအလုပ်ကို ဆက်လုပ်ရမှာပါ”

ရန်ကုန် နာရေးကူညီမှုအသင်း က အလှူရှင်တွေကို ဖြန့်ချိတဲ့ ဗီဒီယို စီဒီခွေတွေထဲမှာ အဆိုတော်တွေလည်း နောက်ခံသီချင်းတွေ သီဆိုပေးထားပေမယ့် သူတို့ကိုတော့ တစုံတရာ ကန့်သတ်တာ မရှိသေးဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။