စစ်တွေ မွတ်စလင်ရပ်ကွက်က ကျူးကျော်တွေ သုံးလအတွင်းဖယ်ပေးဖို့ အမိန့်ထုတ်


2020.05.18

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မွတ်စလင် ရိုဟင်ဂျာတွေ နေထိုင်ခဲ့တဲ့ စက်ရုံစုရပ်ကွက်က မီးလောင်ပြင်နေရာမှာ ကျူးကျော်နေထိုင်သူ ထောင့်နှစ်ရာကျော်ကို အချိန် သုံးလအတွင်းဖယ်ရှားဖို့ စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်လိုက်ပါတယ်။

စစ်တွေမြို့မှာ မွတ်စလင် ရိုဟင်ဂျာတွေ နေထိုင်ခဲ့တဲ့ စက်ရုံစုရပ်ကွက်က မီးလောင်ပြင်နေရာမှာ ဆောက်လုပ် ထားကြတဲ့ ကျူးကျော်အိမ်ပေါင်း ၁၂၅၅ လုံးကို အချိန် သုံးလအတွင်း ဖယ်ရှားဖို့ စစ်တွေ မြို့နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်လိုက်တာပါ။

ဒီအမိန့်ကို ပြီးခဲ့တဲ့ မေလ ၁၄ ရက်ကပင် ကြေငြာထားတယ်လို့ စက်ရုံစု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းလှိုင်က ပြောပါတယ်။

“စာကို ကြော်ငြာဘုတ်မှာ ကပ်ထားဆိုလို့ ကျွန်တော်တို့ ကပ်ထားပါတယ်။ ဒီကိစ္စကို မြို့နယ်အုပ်ချုပ်ရေးမှူး ကိုပဲ မေးပေးပါ။ ဒီစာက သူတို့ဆီက ထုတ်တာပါ။ ကျွန်တော်တို့ ထုတ်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ကတော့ သူတို့ကဘိုးမှာကပ်ဆိုလို့ အဲဒီစာကို မေလ ၁၄ ရက်နေ့ကပင် ကြော်ငြာဘုတ်မှာ ကပ်ထားပါတယ်”

စစ်တွေမြို့က စက်ရုံစုရပ်ကွက်ဆိုတာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် အကြမ်းဖက် ပဋိပက္ခတွေ မဖြစ်ခင်က မွတ်စလင် ရိုဟင်ဂျာတွေ နေထိုင်ခဲ့တဲ့ ရပ်ကွက်တစ်ခုပါ။ ၂၀၁၂ ခုနှစ် ဇွန်လမှာ ရခိုင်နဲ့ မွတ်စလင် ရိုဟင်ဂျာတွေအကြား လူမျိုးရေး ပဋိပက္ခတွေဖြစ်လို့ နေအိမ်တွေ မီးရှို့ခံခဲ့ရပြီး မွတ်စလင် တစ်သိန်းကျော်ဟာ စစ်တွေမြို့ အနောက်ဘက် က ဒုက္ခသည်စခန်းအသီးသီးမှာ မှီခိုနေထိုင်နေကြရပါတယ်။

မွတ်စလင်တွေ နေထိုင်ခဲ့တဲ့ စက်ရုံစုရပ်ကွက်က မီးလောင်ပြင်နေရာတွေမှာ ကျေးလက်ဒေသတွေက ရခိုင် တိုင်းရင်းသားတွေ တဖြည်းဖြည်း ဝင်ရောက်အခြေချ နေထိုင်ပြီး အခုဆိုရင် အဲဒီလို ဆောက်လုပ်ထားတဲ့ တဲအိမ် ပေါင်း ၄၀၀၀ ဝန်းကျင်လောက်တောင် ရှိတယ်လို့ ရပ်ကွက်နေသူတွေက ခန့်မှန်းကြပါတယ်။

၂၀၁၂ ပဋိပက္ခကြောင့် သက္ကယ်ပြင်ကျေးရွာမှာ ထွက်ပြေးခိုလှုံနေရတဲ့ ရိုဟင်ဂျာ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးကျော်လှအောင်ကတော့ ကျူးကျော်တွေကို ဖယ်ရှားမယ့် ဆောင်ရွက်ချက်ကို ထောက်ခံကြောင်း ပြောပါတယ်။

“အဲဒါကို အစိုးရက မလုပ်လို့ အစိုးရက နိုင်ငံတကာမှာ အမျိုးမျိုး စွပ်စွဲခံနေရတယ်။ အခု ဒီလိုလုပ်တဲ့ဟာက နိုင်ငံတကာမှာ စွပ်စွဲခံရတဲ့ဟာက နည်းနည်းပေါ့သွားနိုင်တယ် အစိုးရအပေါ်မှာ။ အဲဒီကြောင့် အစိုးရက ဒီထက် အရင်လုပ်ဖို့ကောင်းတယ်။ ရှေ့မှာလူတွေ စဝင်ရောက်လာကတည်းက လုပ်ခဲ့ဖို့ကောင်းတယ်။ အခုလုပ်တာကို ကျွန်တော့အနေနဲ့ ထောက်ခံပါတယ်။ ဆက်လက်ပြီးတော့ ဒီလိုလုပ်သွားမှ နိုင်ငံတော်အတွက်လည်း ကောင်းမယ်လို့ ကျွန်တော့အနေနဲ့ ယူဆပါတယ်”

ရခိုင်ကျေးလက်ဒေသတွေမှာ အလုပ်အကိုင်တွေ ရှားပါးလွန်းတာကြောင့် တစ်ချိန်က စစ်တွေမြို့မှာ မွတ်စလင်တွေ လုပ်ကိုင်ခဲ့တဲ့ အခြေခံအလုပ်သမားတွေ နေရာမှာ ကျေးလက်ဒေသက ရခိုင်တိုင်းရင်းသားတွေ ဝင်ရောက် လုပ်ကိုင်ခဲ့ကြတာပါ။

စစ်တွေမြို့မှာ အိမ်ခြံမြေဈေး၊ အိမ်ငှားခဈေးတွေ များပြားတာကြောင့် ဒေသခံတွေဟာ မွတ်စလင်တွေ နေထိုင်ခဲ့ မီးလောင်ပြင်နေရာတွေမှာ ဝင်ရောက် နေထိုင်လာခဲ့ကြရာကနေ ကျူးကျော် တဲအိမ်တွေများပြား လာခဲ့တာလည်း ဖြစ်ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျူးကျော်နေထိုင်သူတစ်ဦးက အစိုးရအနေနဲ့ ဒေသခံတွေ အဆင်ပြေအောင် သီးခြားမြေတစ်ခုခုမှာ အစားထိုးနေရာ ချထားပေးချင်ကြောင်း ပြောပါတယ်။

“မြေနေရာတော့ အစားထိုးပေးရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရမြေဆိုတော့ အဲဒီနေရာမှာ မသင့်တော်ဘူး ဒီနေရာပဲ နေရမယ်ဆိုရင် ကျွန်တော်တို့ နေမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံသားတွေ နိုင်ငံသား အခွင့်အရေး မဆုံးရှုံးစေရဘူးလို့ ပြောထားတာရှိတယ် ဆိုတော့ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို ကျွန်တော်တို့ကို ပေးရမှာပေါ့။ နေစရာနေရာသာ မရှိဘူးဆိုရင် ကျွန်တော်တို့အတွက် အလုပ်ရော၊ အစားရော အဆင်ပြေမှာ မဟုတ်တော့ဘူး။ ကျွန်တော်တို့လည်း ဘာမှတတ်နိုင်မှာမဟုတ်ဘူး။ အခြားလူတွေ ကတော့ မြေနေရာအစားထိုး မပေးဘဘူးဆိုရင် မီးရှို့ချင်မီးရှို့ပါစေ ဒီကနေထွက်သွားမှာ မဟုတ်ဘူးလို့ပြောနေကြတယ်”

မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့စာထဲမှာ မေလ ၁၄ ရက်ကနေ သြဂုတ်လ ၁၄ ရက်နေ့အတွင်း ကျူးကျော် တဲအိမ်တွေကို ဖယ်ရှားမပေးဘူးဆိုရင် ဥပဒေနဲ့အညီ ဖယ်ရှားဆောင်ရွက်သွားမယ်လို့ ဖော်ပြပါရှိပါတယ်။

ဒေသခံတွေ ထိခိုက်မှုမရှိအောင် ဘာတွေ ပြင်ဆင်ထားသလဲ ဆိုတာကိုသိနိုင်ဖို့ အမိန့်စာထုတ်တဲ့ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ပြောခွင့်ရသူ စည်ပင်သာယာရေး ပြည်နယ်ဝန်ကြီး ဦးဝင်းမြင့်ကတော့ ဒီကိစ္စဟာ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်တာ မဟုတ်ဘူးလို့ သူ့အနေနဲ့ မသိသေးဘူးလို့ ပြောပါတယ်။

“ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးထားချက်လည်း အစည်းအဝေးတွေမှာ မတွေ့သေးဘူး။ ဒါကြောင့် ဒီကိစ္စကို ကျွန်တော့အနေနဲ့ ပြောလို့တော့ မရသေးဘူး။ ဒီဟာက လုံနယ်ဌာနက ထွက်တာလား ဘယ်ဟာက ထွက်တာလဲ ဆိုတာကို တိတိကျကျ မသိတဲ့အခါ သူတို့ဘယ်လို လုပ်ထားလဲပြောလို့တော့ မရသေးဘူး။ အစိုးရအစည်းအဝေး ဆုံးဖြတ်ချက် အရတော့ မဟုတ်သေးဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးကိုပဲ မေးပေးပါ။ ဒီစာက ဘယ်ကနေညွှန်ကြားလို့ ထွက်တာလဲဆိုတာကို သူ့ကိုမေးရင်တော့ ပိုပြီးသေချာမှာပါ”

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က စစ်တွေမြို့ အပါအဝင် ရခိုင်မြို့နယ်ပေါင်း ၁၀ ကျော်မှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင် ရိုဟင်ဂျာတွေအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး မွတ်စလင်တွေဟာ ဒီနေ့အချိန်အထိ ဒုက္ခသည်စခန်းတွေမှာ မှီခိုနေကြရဆဲဖြစ်ပါတယ်။

အခုစစ်တွေမြို့မှာ မွတ်စလင် ရိုဟင်ဂျာတွေ နေထိုင်တဲ့နေရာက ကျူးကျော်တွေကို ဖယ်ရှားခိုင်းတာဟာ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာအစိုးရဘက်က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကို မကြာခင် ပထမဆုံး အစီရင်ခံစာ ပေးပို့ရမယ့်အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။