ဧရာ၀တီတိုင်းက မြို့နယ်တချို့မှာ စစ်မှုထမ်းဖို့ ခြိမ်းခြောက်ခေါ်ယူမှုတွေရှိနေ

RFA Burmese
2024.05.28
ဧရာ၀တီတိုင်းက မြို့နယ်တချို့မှာ စစ်မှုထမ်းဖို့ ခြိမ်းခြောက်ခေါ်ယူမှုတွေရှိနေ ငပုတောမြို့နယ် ငရုတ်ကောင်းမြို့အား ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။
သတင်းအထူးတပ်ဖွဲ့-ပုသိမ်

ဧရာ၀တီတိုင်းက မြို့နယ်တချို့မှာ မေလ တတိယပတ်ကစလို့ လူငယ်တွေ စစ်မှုထမ်းဖို့ပျက်ကွက်ရင် မိသားစုကို အရေးယူမယ်ဆိုပြီး ဖိအားပေးခြိမ်းခြောက်မှုတွေရှိနေသလို စစ်မှုထမ်းခေါ်ယူရေးကိစ္စတွေကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေက အရင်ထက် ဖိဖိစီးစီးလုပ်လာတယ်လို့ ဒေသခံတွေက မေလ ၂၈ ရက်နေ့မှာ ပြောပါတယ်။

ဖျာပုံ၊ ဒေးဒရဲနဲ့ ငပုတောမြို့နယ်တွေမှာ ဖိအားပေးမှု၊ ခြိမ်းခြောက်မှုတွေ အများဆုံးဖြစ်နေပြီး စစ်မှုထမ်း စာရင်းပေးဖို့ ပျက်ကွက်တာ၊ နယ်ဝေးမှာ နှစ်ရှည်အလုပ်သွားလုပ်ပြီး ပြန်မလာတာနဲ့ မဲပေါက်ပြီး စစ်မှုမထမ်းချင်လို့ တိမ်းရှောင်နေကြတဲ့အပေါ် အိမ်မှာကျန်နေတဲ့မိသားစုတွေကို ဖမ်းဆီးအရေးယူမယ်ဆိုပြီး ဖိအားပေးလာတာလို့ ဆိုပါတယ်။

ဒေးဒရဲမြို့နယ်ထဲမှာတော့ နယ်ဝေးမှာ အလုပ်သွားလုပ်နေတဲ့ လူငယ်တွေကိုပါ နေရပ်ကိုပြန်ခေါ်ပြီး စစ်မှုထမ်းခိုင်းဖို့ ကျန်မိသားစုဝင်တွေကို အုပ်ချုပ်ရေးမှူးတွေက ဖိအားပေးနေတယ်လို့ ဒေးဒရဲမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"သူတို့တွေက ဘယ်လိုတွေပြောနေလဲဆိုလို့ရှိရင် ကိုယ့်ရဲ့နေရပ်မှာစွန့်ခွာပြီး အလုပ်လုပ်နေတဲ့သူတွေပေါ့။ နှစ်နဲ့ချီပြီး ပြင်ပနေရာတွေမှာ သွားအလုပ်လုပ်နေတဲ့သူတွေကိုလည်း ပြန်ခေါ်ခိုင်းပါတယ်။ ခြိမ်းခြောက်ပြီး ပြန်လာဖို့ပေါ့နော်။ ပြန်မလာရင် မင်းတို့ ဒီမှာကျန်ခဲ့တဲ့သူတွေ ဒုက္ခရောက်မယ်ပေါ့။ ဒီလိုတွေကအစ ခြိမ်းခြောက်ပြီး ပြောနေတယ်"

ငပုတောမြို့နယ် ငရုတ်ကောင်းမြို့မှာတော့ မေလ ၁၉ ရက်နေ့ကစပြီး ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်သူတွေအနေနဲ့ စစ်မှုထမ်းစာရင်းသွင်းဖို့နဲ့ ပျက်ကွက်ရင် မိသားစုကို အရေးယူမယ်ဆိုတဲ့အကြောင်း ရေးသားထားတဲ့ စာတွေကို လိုက်လံဝေငှတာနဲ့ နေအိမ်တွေမှာ လိုက်ကပ်တာတွေလုပ်နေတယ်လို့ ငပုတောဒေသခံတစ်ဦးက ပြောပါတယ်။

"စာကပ်တယ်၊ စာတွေ လိုက်ပေးတယ်ပေါ့နော်။ စာအိတ်တွေ လိုက်ပေးတယ်။ လူငယ်တွေကတော့ စိုးရိမ်နေကြတာပေါ့။ သားသမီးတွေရော၊ မိဘတွေရော အကုန်လုံး။ ဝင်တဲ့သူက ဝင်တယ်ပေါ့။ တချို့သူကတော့ ရှောင်နေတာပေါ့"

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

စစ်ကောင်စီဘက်ကတော့ စစ်မှုထမ်းဖို့ဆင့်ခေါ်တဲ့အခါ လာရောက်ဖို့ပျက်ကွက်သူတွေကို အရေးယူမယ်လို့ မေလ ၂၀ ရက် နေပြည်တော်မှာပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့အစည်းအဝေးမှာ ထုတ်ဖော် ပြောဆိုထားပါတယ်။

အပတ်စဉ် (၃) အတွက် လျာထားချက်ပြည့်မီအောင်လုပ်ဆောင်မယ်လို့ အဲဒီအစည်းအဝေးမှာ ပြောဆိုပြီးနောက်ပိုင်း တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ စစ်မှုထမ်းရေးကိစ္စတွေကို မြို့နယ်နဲ့ ရပ်/ကျေး အဆင့် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက အရင်ထက် ဖိဖိစီးစီးလုပ်လာတယ်လို့ ဖိအားပေးခံရသူ မိသားစုဝင်တွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။