ဧရာဝတီမြစ်ရေ မြင့်တက်နေလို့ သက်ဆိုင်ရာက သတိပေး


2016.04.24
ayeyarwaddy-river-622.jpg ဧရာဝတီမြစ်ရေတက်လာတာကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

မြန်မာနိုင်ငံမြောက်ဖျား ပူတာအို၊ မချမ်းဘော၊ ဆွမ်ပရာဘွမ်စတဲ့ မြို့နယ်တွေဘက်မှာ ဒီရက်ပိုင်း အတွင်း နေ့စဉ် မိုးကြီးနေပြီး မေခနဲ့ မလိခ မြစ်တွေကနေတဆင့် စီးဆင်းလာ တဲ့ ရေတွေကြောင့် ဧရာဝတီမြစ်ရေဟာ မြင့်တက် လာနေတဲ့အတွက် သတိထားနေကြပြီး ပြင်ဆင်မှုရျိဖို့ သက်ဆိုင်ရာက သတိပေးထားပါတယ်။

ဒီနှစ်မှာ ဧရာဝတီမြစ်ရေ အတက်စောပြီး မနှစ်ကထက် ရေအတက်အကျ မြန်နေတယ်လို့ မြစ်ကြီးနားအခြေစိုက် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဋ္ဌာနရဲ့ ဦးစီးအရာရှိ ဦးနိုင်လင်းထွေး ကပြောပါတယ်။

"အခုဒီနေ့မနက် ၆ နာရီခွဲမှာ တိုင်းထွာချက်က ၇ဝ၈၊ အဲ့ဒါနေ့လည် ၁၂ နာရီမှာ ကျနော်တို့ ပြန်တိုင်းတော့ ၇၃၃ ပြန်တက်လာတယ်၊ အနည်းငယ်ပြန်တက်လာတယ်၊ ပုံမှန်အနေအထားထက်ဆိုရင် ဒီအချိန်က ရေပြန် ပြီးတော့မှ တက်တဲ့အချိန်ပေါ့၊ အရင်နှစ်ကဆိုရင်တော့ ကျနော်တို့က မြစ်ရေက မိုးကခြောက်သွေ့ထားတဲ့ အခါကျတော့ ရွာရင်မြေကြီးက ပြန်စုပ်သွားတယ်၊ အခုကျတော့ ကျနော်တို့က မိုးကတောက်လျှောက်လေး ရထားတဲ့အခါကျတော့ မြေကြီးထဲမှာ မြေဆီလွှာမှာက ရေပြည့်နေပြီပေါ့၊ အဲ့ဒီတော့ နောက်ထပ်ရွာတဲ့ မိုးအားလုံးသည် အသားတင်မြစ်ထဲချောင်းထဲကို ရောက်နိုင်ပါတယ်၊ အဲ့ဒီတော့ ကျနော်တို့ မြစ်ရေက တက်တာမြန်တယ်၊ ကျတာမြန်တယ်ပေါ့"

အခုလို မိုးဆက်ကြီးနေရင် မြစ်ရေ ပိုပြီးမြင့်တက်လာနိုင်တာကြောင့် ဗန်းမော်၊ ကသာ၊ စစ်ကိုင်း၊ မန္တလေးစတဲ့ ဧရာဝတီမြစ်အောက်ပိုင်း မြစ်ချောင်း ကမ်းပါးနားမှာ နေထိုင်သူတွေ သတိပြုဖို့သွားလာကြဖို့ လိုအပ်ကြောင်း လည်း ပြောပါတယ်။

အထူးသဖြင့် ဧရာဝတီမြစ်အထက်ပိုင်း မေခနဲ့ မလိခမြစ်လက်တက်တွေဘက်က ဒေသတွေမှာ မိုးများလွန်းတဲ့ အတွက် ဒီနှစ်မိုးဦးပိုင်းမှာ မြစ်ရေတက်လာတာဖြစ်ပါတယ်။

ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က စင်တင်မီတာ သုံးရာကျော်ကနေ စပြီး နောက်ရက်တွေမှာ လေးရာကျော်နဲ့ ငါးရာကျော်စသဖြင့် အတက်အကျရှိလာနေပြီး ဒီကနေ့ နေ့လည် ပိုင်းမှာတော့ စင်တင်မီတာ ခုနှစ်ရာကျော်မှာ ရောက်နေတာဖြစ်ပါတယ်။

မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေမှတ်ဟာ စင်တီမီတာ ၁၂ဝဝ ဖြစ်ပါတယ်။

ဒီအတောအတွင်း မိုးလေဝသ သတင်းတွေနဲ့ ပတ်သက်လို့ ဖြစ်သင့်တာထက်ကျော်လွန်ပြီး အထိတ်တလန့်ဖြစ်စေနိုင်တဲ့ သတင်းတွေတက်နေတဲ့အတွက် သတိရှိကြဖို့ မိုးလေဝသပညာ ရှင် ဒေါက်တာထွန်းလွင်က သူ့ရဲ့ဖေ့ဘွတ်စာမျက်နှာကနေ သတိပေးထားပါတယ်။

လက်ရှိအချိန်ဟာ မိုးကြိုကာလဖြစ်ပြီး အယ်လ်နီညိုရဲ့ ပူပြင်းမှုကြောင့် မွန်းလွဲပိုင်းတွေမှာ အားကောင်းတဲ့ မိုးတိမ်တောင်တွေ ဖြစ်ပေါ်တတ်တာကို သတိထားဖို့လိုကြောင်း  ဒါ့အပြင် ချင်း၊ မကွေး ၊ စစ်ကိုင်း၊ မန္တလေး၊ ကချင် စတဲ့တိုင်းနဲ့ ပြည်နယ် ၅ ခုမှာ မိုးလေကြီးပြီး မိုးသီးတွေ ကြွေကျနိုင်ကြောင်းလည်း ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။

ဒီနေ့မနက်ပိုင်းက စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်နဲ့ ပင်လယ်ဘူးမြို့နယ်တို့မှာ လေပြင်းတိုက်ခတ်ပြီး မိုးသီးခဲ့တာကြောင့် လူတစ်ဦးသေဆုံးပြီး နေအိမ် ၃ဝဝ ကျော် အမိုးတွေပျက်စီးသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။