ပုဂံဘုရားတစ်ဆူ ပြိုကျ
2015.08.11
မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းမှုကြောင့် ပုဂံမှာရှိတဲ့ ဘုရားတစ်ဆူ ပြိုကျပျက်စီးသွားပြီး ကျန်ဘုရားတချို့မှာလည်း ပျက်စီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ သတင်းရရှိပါတယ်။
ပုဂံဒေသမှာ သုံးရက်ဆက်တိုက်မိုးရွာသွန်းမှုကြောင့် ၂ဝဝ၃ က ပြန်လည်တူးဖေါ်ပြီး ဂူပုထိုးပုံစံနဲ့ တည်ထားတဲ့ အမြင့်ပေ ၃ဝ ရှိ ဘုရားအမှတ် ၁၇၅၂ ဟာ သြဂုတ် ၉ ရက်နေ့က ပြိုကျပျက်စီးသွားခဲ့ပါတယ်။
ပုဂံရှေးဟောင်းသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်မြင့် က အခု ပြိုကျပျက်စီးသွားတဲ့ ဘုရားဟာ ရန်ကုန်မြို့တော်ဘဏ် ဒါရိုက်တာအဖွဲ့နဲ့ ဝန်ထမ်းမိသားစုတွေက ၂ဝဝ၃ ခုနှစ်မှာ ပြန်လည်တည်ထားကိုးကွယ်ခဲ့တဲ့ ဘုရားဖြစ်ကြောင်း၊ အုတ်တွေက အသစ်တွေဖြစ်ကြောင်းနဲ့ မိုးသုံးရက်ဆက်ရွာတဲ့အတွက် အုတ်တွေ အရည်ပျော်ကျခဲ့တာဖြစ်ကြောင်း စသဖြင့်ပြောဆိုတယ်လို့ ၁၁ ရက်နေ့ မနေ့ကထုတ်ဝေတဲ့ 7 day သတင်းစာ မှာ ဖေါ်ပြထားပါတယ်။