ပဲခူးတိုင်းမှာ တစ်ရက်အတွင်း အုပ်ချုပ်ရေးအဖွဲ့ဝင်နှစ်ဦး သတ်ဖြတ်ခံရ

RFA Burmese
2024.06.03
ပဲခူးတိုင်းမှာ တစ်ရက်အတွင်း အုပ်ချုပ်ရေးအဖွဲ့ဝင်နှစ်ဦး သတ်ဖြတ်ခံရ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Myanmar Military

ပဲခူးတိုင်းအနောက်ခြမ်း ပေါက်ခေါင်းမြို့နယ်နဲ့ သဲကုန်းမြို့နယ်တွေမှာ မေလ ၃၁ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကောင်စီအတွက် စစ်သားစုဆောင်းပေးတာတွေ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင် နှစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်ခေါင်းမြို့နယ် ကြို့ပင်ဝိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးညွန့်စိုး နဲ့ သဲကုန်းမြို့နယ် ဓားသွေးကျောက်ရွာ က ရာအိမ်မှူး ဦးအောင်ဝင်းတို့ကို ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံကကတော့ ပဲခူးတိုင်းထဲက ရပ်/ကျေးအဆင့် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ စစ်ကောင်စီအတွက် လူသစ်စုဆောင်ပေးတာတွေကို ဒီရက်ပိုင်း ဖိဖိစီးစီးလုပ်လာတယ်လို့ ဆိုပါတယ်။

“အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေက စစ်မှုထမ်းဖို့အတွက် လူစုပေးရုံတင်မကဘူး စစ်သားတွေနဲ့ ရောထွေးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို ရွာထဲမှာနေထိုင်မရအောင်အမျိုးမျိုးနှောင့်ယှက်တယ်။ သူတို့ကြောင့် ဖမ်းခံရပြီး စစ်ကြောရေးမှာ သေဆုံးတဲ့သူတွေလည်း ရှိနေတယ်”

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မေလ ၂ ရက်နေ့ကလည်း ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ရွာသစ်ကျေးရွာ ရာအိမ်မှူး ဦးမြင့်အောင်ကို စစ်ကောင်စီတပ်အတွက် စစ်သားစုဆောင်းတာတွေ လုပ်နေလို့ဆိုပြီး ဒေသကာကွယ်ရေး အဖွဲ့တစ်ခုက ပစ်သတ်လိုက်တယ်လို့ အုတ်ဖိုမြို့ခံတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းတဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကနေ မေလ ၄ ရက်အထိ နှစ်လကျော်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်လို့ဆိုပြီး နိုင်ငံတစ်ဝန်းက အုပ်ချုပ်ရေးအဖွဲ့ဝင် ၆၂ ဦး သတ်ဖြတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။